မူဆယ် ၁၇  မေ


တရုတ်နိုင်ငံ ရွှေလီမြို့မှ တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ မူဆယ်ဒေသရှိ တာဝန်ရှိသူများသည် မေလဒုတိယပတ်တွင် နှစ်နိုင်ငံနယ်စပ်ဂိတ်များ၌ ဖြစ်ပေါ်နေသည့် ယာဉ်ကြောပိတ်ဆို့နေသည့် ကိစ္စရပ်များ၊ နယ်စပ်ကုန်သွယ်ရေး တိုးတက်စေရန် ကိစ္စရပ်များ၊ နှစ်နိုင်ငံကုန်သွယ်ရေးဖွံ့ဖြိုးစေရန် ကိစ္စရပ်များ စသည့် အကြောင်း အရာများအား ညှိနှိုင်းဆွေးနွေးခဲ့ပြီးဖြစ်ရာ မေ ၁၅ ရက်တွင် စတင် အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။


ယင်းသို့ အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် တရုတ်နိုင်ငံ တယ်ဟုန် တိုင်းအစိုးရ၏ တောင်းဆိုမူအရ ရွှေလီမြို့အစိုးရမှ မြန်မာဘက် တာဝန်ရှိသူများနှင့် နားလည်မူယူပြီး ပူးတွဲဆောင်ရွက်လိုကြောင်း၊ ရွှေလီ ကျယ်ဂေါင် ဂိတ် (၃) ခု ပိတ်ချိန်အား ပြန်လည်ပြင်ဆင်လိုက်ကြောင်း သိရသည်။


တရုတ် - မြန်မာနယ်စပ် ရွှေနန်းတော်ဂိတ်၊ ဆင်ဖြူဂိတ် ပိတ်ချိန်အား ယခင် တရုတ်စံတော်ချိန် ည ၁၂ နာရီအစား ည ၉ နာရီခွဲ  သို့လည်းကောင်း၊ ကုန်တင်ယာဉ် များ ပိတ်ချိန်ကို ယခင် ည ၉ နာရီခွဲကို ည ၁၁ နာရီခွဲသို့လည်းကောင်း၊ ပြောင်းလဲခဲ့ကြောင်း၊ မြန်မာနိုင်ငံမှ ဝင်ရောက်လာသည့် ကုန်တင်ယာဉ်များအား ဝမ်တိန်ဂိတ်မှဝင်ရောက်ပြီး (ခါလီ) ရွှေလီမြို့ မိုင်ပေါင်း ၃၂၀ မှတစ်ဆင့် ကျယ်ဂေါင်မြို့တွင်းသာ ကုန်ပစ္စည်းတင်နိုင်ကြောင်း၊ လိမင်ဈေးမှ မြန်မာနိုင်ငံဘက်သို့
ပြန်လည်ထွက်ခွာနိုင်ကြောင်း၊ မြန်မာဘက်မှ ကုန်တင်ယာဉ် အာမခံ ပြုလုပ်ထားရန်၊ အာမခံငွေကြေးအတွက် ယာဉ်တစ်စီးလျှင် တရုတ်ယွမ်ငွေ ၃၅ ယွမ် ပေးဆောင် ရမည်ဖြစ်ကြောင်း လိမင်ဈေး၌ ယာဉ်ရပ်နားခအနေဖြင့် တရုတ်ယွမ်ငွေ ယွမ် ၂၀  ပေးဆောင်ရမည်ဖြစ်ကြောင်းနှင့် မြန်မာဘက်မှ မော်တော်ယာဉ်များ 
တရုတ်နိုင်ငံအတွင်း မောင်းနှင်ပြီဆိုပါက တရုတ်နိုင်ငံ၏ သတ်မှတ်ထားသည့် စည်းမျဉ်းစည်းကမ်းများနှင့် ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများကို လိုက်နာရမည်ဖြစ်ကြောင်း သိရသည်။


သန့်ဇင်

 

1