တာချီလိတ် ၁၇ မေ
မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံသို့ တရားမဝင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်း အလုပ်သမား အမျိုးသား ငါးဦး၊ အမျိုးသမီး နှစ်ဦးအား ထိုင်းနိုင်ငံ မယ်ဆိုင်မြို့ လူဝင်မှုကြီးကြပ်ရေးဌာနမှ တာဝန်ရှိသူများက မြန်မာနိုင်ငံ တာချီလိတ်မြို့မှ ဒေသအာဏာပိုင်များထံသို့ ယနေ့ မွန်းလွဲပိုင်းက မြန်မာ-ထိုင်း အမှတ်(၂) ချစ်ကြည်ရေးတံတား၌ လာရောက်လွှဲပြောင်းပေးခဲ့ရာ မြန်မာတာဝန်ရှိသူများက ကြိုဆိုလက်ခံခဲ့ကြောင်း သိရသည်။
အဆိုပါ မြန်မာရွှေ့ပြောင်း အလုပ်သမားများမှာ ထိုင်းနိုင်ငံတွင် နယ်စပ်ဖြတ်ကျော်ခွင့် သက်တမ်းလွန်ခြင်းနှင့် အထောက်အထားမဲ့ နေထိုင်ခြင်းတို့ကြောင့် ထိုင်းနိုင်ငံ ဥပဒေများအရ အရေးယူခံရပြီး မြန်မာနိုင်ငံသို့ ပြန်ပို့ခံရခြင်းဖြစ်ကာ အဆိုပါ အလုပ်သမားများအား မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဌာန၊ လူကုန်ကူးမှုတိုက်ဖျက်ရေးရဲတပ်ဖွဲ့၊ အလုပ်သမား ညွှန်ကြားမှုဦးစီးဌာန၊ ထိုင်းနိုင်ငံမယ်ဆိုင်မြို့ရောက် မြန်မာနိုင်ငံသားများ ကူညီစောင့်ရှောက်ရေးနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီဝင် CNCMC တို့က ကြိုဆိုလက်ခံကြပြီး ၎င်းတို့၏ နေရပ်ဒေသများသို့ လုံခြုံချောမွေ့စွာ ပြန်နိုင်ရန် ကူညီဆောင်ရွက်ပေးခဲ့သည်။
ယခုနှစ်အတွင်း ဇန်နဝါရီ ၁ ရက်မှ မေ ၁၇ ရက်အထိ ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည့် တရားမဝင် မြန်မာရွှေ့ပြောင်းအလုပ်သမား စုစုပေါင်း အရေအတွက်မှာ ၇၇၈ ဦးရှိပြီး ၎င်းတို့ထဲတွင် အမျိုးသား ၄၉၈ ဦး၊ အမျိုးသမီး ၂၄၉ ဦးနှင့် ကလေး ၃၁ ဦးတို့ ပါဝင်ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း