ရန်ကုန် ၁၇ မေ
မြန်မာနိုင်ငံတွင် စစ်တမ်းများကောက်ယူချက်အရတစ်နိုင်ငံလုံးလူဦးရေ ၅၄ သန်းကျော်အနက် ၃၄ ဒသမ ၅ ရာခိုင်နှုန်းသာ သန့်ရှင်းပြီးနည်းစနစ်ကျ သန့်စင်ထားသော ရေကောင်းရေသန့်ကို သုံးစွဲနေရကြောင်း၊ နိုင်ငံ၏ သန့်ရှင်းသော ရေ လိုအပ်ချက်သည် တစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့် မြင့်တက်လျက်ရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းကပြောသည်။
ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့်မြို့နယ် ကန်ရိပ်သာလမ်းရှိ WYNDHAM GRAND YANGON HOTEL ၌ မေ ၁၆ ရက် ညပိုင်းကကျင်းပသည့် Kobelco Supreme Water Engineering Company Limited ၏ ရေသန့်နှင့်ရေဆိုးသန့်စနစ် နည်းပညာဆိုင်ရာဖက်စပ်ကုမ္ပဏီမိတ်ဆက်ပွဲ အခမ်းအနားတွင် လွှတ်တော်ဥက္ကဋ္ဌက ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဆက်လက်၍ ၎င်းက နိုင်ငံတော်အစိုးရအနေဖြင့် ရေကောင်းရေသန့် ရရှိရေး ကိစ္စများကို အလေးအနက်ထားပြီး ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်နေပါကြောင်း၊ ရန်ကုန်မြို့တွင်းရေကောင်းရေသန့်များ ဖြန့်ဖြူးနိုင်ရန် လုပ်ငန်းများအပြင် နိုင်ငံတော် အနေဖြင့်လည်းလာမည့် ၂၀၃၀ တွင် တစ်နိုင်ငံလုံးရှိ ကျေးလက်ဒေသနေပြည်သူများ ရေကောင်းရေသန့်ရရှိသုံးစွဲ နိုင်ရေးလျာထား ဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြားသည်။
ထို့နောက် Supreme Group of Companies ဥက္ကဋ္ဌ ဒေါက်တာစိန်မြင့် က Supreme Water Doctor Company Limited ၏ ရေသန့်နှင့် ရေဆိုးသန့်စနစ် ဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆိုင်ရာဂျပန်နိုင်ငံသံရုံး စီးပွားရေးတာဝန်ခံနှင့် Kobelco Eco-Solutions ကုမ္ပဏီမှ တာဝန်ရှိသူတို့က အမှာစကားပြောကြားပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

ယနေ့ကျင်းပသည့် အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်း၊ လွှတ်တော်ဒုတိယဥက္ကဌဦးလင်းနိုင်မြင့်၊ လျှပ်စစ်နှင့် ဆောက်လုပ်ရေးနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဒေါ်နီလာကျော်၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ ဂျပန်သံရုံးနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ ရေနှင့်သက်ဆိုင်သည့် ပညာရှင်များနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ကြသည်။
အဆိုပါ Kobelco Supreme Water Engineering Company Limited သည် ယနေ့ မြန်မာနိုင်ငံတွင် လိုအပ်နေသည့် မြို့ရွာများနှင့် စက်မှုဇုန်များတွင် ရေကောင်းရေသန့် ဖြန့်ဖြူးနိုင်ရေးလုပ်ငန်း၊ ရေဆိုးသန့်စင်ခြင်းလုပ်ငန်းများနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းခြင်းလုပ်ငန်းများကို ရန်ကုန်တိုင်းဒေသကြီးဗဟိုပြုပြီး မြန်မာ နိုင်ငံတစ်ဝန်းလုံးတွင် နိုင်ငံတကာအဆင့်မှီဂျပန် နည်းပညာကိုအသုံးပြု၍ သင့်တင့်သော ဈေးနှုန်းဖြင့် နိုင်ငံတော်၏ လိုအပ်ချက်ကို တစ်ဖက်တစ်လမ်းမှ ဖြည့်ဆည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။
သတင်းနှင့်ဓာတ်ပုံ - မင်းသစ်(MNA)