နေပြည်တော်  ၁၇ မေ    


အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)ကို ၂၀ဝ၈ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပါသည်။ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ပကတိအချိုးအစားကိုရယူ၍ သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ စေတီပုထိုးများ၊ အထိမ်းအမှတ်အဆောက်အအုံများ၊ ရေမြေတောတောင်သဘာဝများ၊ တိုင်းရင်းသားသွေးချင်းများ၏ ရိုးရာနေအိမ်များ၊ ဓလေ့ထုံးစံဝတ်စားဆင်ယင်မှုများ၊ ရိုးရာ အစား အစာများဖြင့် စိတ်ဝင်စားဖွယ်ဖြစ်စေရန် တည်ဆောက်ပြသထားလျက်ရှိပါသည်။


အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)သို့လာရောက် ကြည့်ရှုလေ့လာကြမည့် အများပြည်သူများ ကြည်နူးပျော်ရွှင်စွာ အပန်းဖြေစေနိုင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ မေလ ၂၅ ရက် (စနေနေ့) နံနက် ၁၀:ဝ၀ နာရီအချိန်မှ မွန်းလွဲ ၁၂ နာရီအချိန်အထိ အမျိုးသားအထိမ်းအမှတ်ဥယျာဉ် (နေပြည်တော်)၌ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာနမှ အနုပညာရှင်များက တိုင်းရင်းသားရိုးရာယဉ်ကျေးမှု ယိမ်းအကများ၊ ပဒေသာယိမ်းအကများ၊ အာဆီယံနိုင်ငံများမှ အကများ၊ အငြိမ့်တို့ဖြင့် ဖျော်ဖြေတင်ဆက်မည်ဖြစ်ပါသဖြင့် မည်သူမဆို အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သတင်းရရှိပါသည်။


သတင်းစဉ်