ပူတာအို ၁၇ မေ     

ပထမအကြိမ် ရဝမ်လူငယ်ညီလာခံနှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက ကချင်ပြည်နယ်၊ ပူတာအိုမြို့၊ ဒုတ္တန်ရပ်ကွက်ရှိ ရဝမ်အမျိုးသားဥယျာဉ် ခါကာဘိုရာဇီခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ရဝမ်တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး ဦးရန်နမ်းဖုန်(ခ)ပီတာက အဖွင့်အမှာစကား ပြောကြားပြီး မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးရယ်ဒမ်းတန်က အမှာစကားပြောကြားသည်။

 

mdn

 

ထို့နောက် မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးဖုန်ရိမင်က ရဝမ်မျိုးနွယ်စု ဆင်းသက်လာပုံသမိုင်းအကြောင်းကိုလည်းကောင်း၊ ဆရာမ ထုံဖူးနင်ထဲက စီးပွားရေးအကြောင်းကိုလည်းကောင်း၊ မြန်မာနိုင်ငံရဝမ်စာပေနှင့်ယဉ်ကျေးမှုအသင်း နာယက ဦးအင်ထုဖုန်ဆန်းက ရဝမ်တိုင်းရင်းသားများနိုင်ငံရေးတွင် ပါဝင်လာမှုများကိုလည်းကောင်း၊ မြို့နယ်ရွှေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးစီးအရာရှိ ဦးဆဘောင်ဖုန်ဝင့်က မဲတစ်ပြား၏တန်ဖိုးကိုလည်းကောင်းအသီးသီးအသိပညာပေးပြောကြား သည်။

အဆိုပါလူငယ်ညီလာခံနှီးနှောဖလှယ်ပွဲကို မြန်မာနိုင်ငံတစ်ဝန်း၌ရှိသော ရဝမ်လူငယ်များအားလုံး မျက်နှာစုံညီတွေ့ဆုံရန်၊ ရဝမ်လူငယ်များအားလုံးစည်းလုံးခြင်းနှင့်အတူ အချင်းချင်းပညာဖလှယ်အားပေးကြရန်၊ အမျိုးသားဆိုင်ရာရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးတိုင်ပင်ဆုံးဖြတ်ရေးဆွဲရန်ရည်ရွယ်ကျင်းပခြင်းဖြစ်ပြီး လူငယ်ညီလာခံကို မေ(၁၇)ရက်မှ(၁၈)ရက်အထိ နှစ်ရက်တာကျင်းပသွားမည်ဖြစ်ရာ မြန်မာနိုင်ငံအနှံ့အပြားမှ ကိုယ်စားလှယ် ၂၅၀ဝ ခန့်တက်ရောက်ခဲ့ကြောင်းသိရသည်။

ဖုန်ကန်(ပူတာအို)