စေတုတ္တရာ ၁၇ မေ
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ် ပြည်သူ့ဆေးရုံတွင် သွေးအားနည်းပြီး သွေးအန်ရောဂါဖြင့် ဆေးကုသမှု ခံယူနေသည့် စေတုတ္တရာမြို့နယ် ပန်းအိကျေးရွာမှ ဒေါ်ခင်စန်းအား ကျန်းမာရေးပြုစုကုသပေးရန် အရေးပေါ်သွေးလို အပ်နေကြောင်း သိရှိရသဖြင့် ယနေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်က စေတုတ္တရာမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင် ဦးဆောင်မှုဖြင့် ဒုတပ်ကြပ် ဝင်းထွန်းဦးက ပြည်သူ့ဆေးရုံသို့ သွားရောက်ပြီး ပြည်သူ့အကျိုးပြု ဇီဝိတဒါန သွေးလှူဒါန်း ပေးခဲ့ကြောင်း သိရသည်။
ယင်းသို့ အရေးပေါ်သွေးလိုအပ်နေသည့် လူနာအတွက် အချိန်နှင့်တစ်ပြေးညီ ဆေးဝါးကုသပေးနိုင်ရေးအတွက် သွေးလှူဒါန်းပေးခြင်းကို စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့ရုံးမှ ဒုတပ်ကြပ် ဝင်းထွန်းဦးက လိုအပ်နေသည့် အေသွေးအား ပြည်သူ့အကျိုးပြု ဇီဝိတဒါန သွားရောက်လှူဒါန်းပေးခဲ့သဖြင့် ယခုအခါ ပန်းအိကျေးရွာမှ လူနာဒေါ်ခင်စန်းမှာ ကျန်းမာရေး ကောင်းမွန်လာပြီး စေတုတ္တရာမြို့ ပြည်သူ့ဆေးရုံကြီးတွင် အေးချမ်းစွာ ဆေးဝါးကုသမှု ခံယူလျက်ရှိကြောင်း သိရသည်။
ထို့အပြင် စေတုတ္တရာမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးအနေဖြင့် ပြည်သူ့ဆေးရုံ၌ လာရောက်ဆေးဝါးကုသမှု ခံယူနေသည့် လူနာများ အရေးပေါ် သွေးလိုအပ်ပါက မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၏ ကြီးကြပ်မှုဖြင့် အချိန်နှင့်တစ်ပြေးညီ လှူဒါန်းပေးသွားမည် ဖြစ်ကြောင်းနှင့် သွေးလှူရှင်တပ်ဖွဲ့ဝင်များ စာရင်းကိုလည်း ပြည်သူ့ဆေးရုံကြီးတွင် စာရင်းပေးသွင်းထားရှိကြောင်း စေတုတ္တရာ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းနိုင်၏ ပြောပြချက်အရ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)