မေ  ၁၈

 

ဘာသာဝင်တို့ အထွတ်အမြတ်ထားရာ ကဆုန်လပြည့်နေ့သည်ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ထင်ရှားသော ဘာသာရေးပွဲတော်များအနက် တစ်ခုအပါအဝင် ဖြစ်ပါသည်။ ဤကဆုန်လသည်နေအပူရှိန် အပြင်းထန်ဆုံး ကာလတစ်ခုဖြစ်၍ ဘုရားပွင့်တော်မူသော ဗောဓိပင်ကိုရည်မှန်းပြီး ရေစင်သွန်းလောင်းကြရာမှ ကဆုန်လ ညောင်ရေသွန်းပွဲတော်များ ဖြစ်ပေါ်လာရသည်ဟူ၍လည်း ဆိုစမှတ်ပြုကြပါသည်။

 

ကဆုန်၏အရင်းခံဖြစ်သော ကုဆုန်ဟူသော စကားရပ်တွင် ကုကို ရေဟုဟောထားသလို ဆုန်ကိုလည်း စုန်ဆင်းခြင်း၊ စီးဆင်းခြင်း၊ သွန်းလောင်း ခြင်းဟူ၍ ဟောပြထားသည်ကို လေ့လာမိပါသည်။ သီဟိုဠ် အသံထွက် ဝေဆတ်ခ်ကိုအမှီပြု၍ အနောက်နိုင်ငံသားများက Vesak ဟု ခေါ်ဝေါ်သမုတ်ရာမှ ကဆုန်လပြည့်နေ့ကို Vesak Day ဟူ၍ ရေးသားဖော်ပြထား သည်ကို တွေ့ရှိရပါသည်။

 

ကမ္ဘာ့ဗုဒ္ဓနေ့ပေါ်ပေါက်လာပုံ

 

ဗုဒ္ဓမြတ်စွာဘုရား ဟောကြားထားသော အဆုံးအမ တရားတော်များအတိုင်း လိုက်နာကျင့်သုံးနေထိုင်သော ဗုဒ္ဓဘာသာဝင်တိုင်းသည် ကဆုန်လပြည့်ဗုဒ္ဓနေ့ကို အချက်အလက်စုံလင်စွာဖြင့် သိရှိထားသင့်သလို ကုလသမဂ္ဂ အဖွဲ့ကြီးကလည်း ကုလသမဂ္ဂအထွေထွေညီလာခံ ဆုံးဖြတ်ချက်အမှတ် ၅၄/၁၁၅ ဖြင့် ၁၉၉၉ ခုနှစ်ကပင် ကဆုန်လပြည့်နေ့ကို ကုလသမဂ္ဂဗုဒ္ဓနေ့အဖြစ် သတ်မှတ်ထားသည်ကို ဂုဏ်ယူဖွယ်ရာ သိရှိထားသင့်ပါသည်။ ကမ္ဘာ့ဗုဒ္ဓနေ့အဖြစ် ကုလသမဂ္ဂက ဆုံးဖြတ်ရခြင်းမှာလည်း အကြောင်းရှိပါသည်။ ဂေါတမမြတ်စွာဘုရား၏ ဗုဒ္ဓသာသနာသည် နှစ်ပေါင်း ၂၅၀ဝ ကျော်ကာလတိုင်အောင် သက်တမ်းရှည်ကြာသော ဘာသာတရားတစ်ခုဖြစ်ခြင်း၊ မကောင်းသောတရားများကို ဖယ်ရှားပေးပြီး စစ်မှန်သော ကာယ၊ စိတ္တသုခနှစ်ဖြာကို ပေးစွမ်းကာ လူတစ်ဦးချင်းစီ၏ ငြိမ်းချမ်းမှုမှတစ်ဆင့် ကမ္ဘာ့လူသားအားလုံး၏ ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည့် အဆုံးအမတရားတော်များကို ဟောပြောပြသနိုင်ခြင်း စသည့်အချက်များကြောင့်ဖြစ်ပါသည်။

 

ထိုမှတစ်ဆင့် ကုလသမဂ္ဂဗုဒ္ဓနေ့အခမ်းအနားများကို၂၀ဝ၀ ပြည့်နှစ်တွင် နယူးယောက်ကုလသမဂ္ဂရုံးချုပ်၌ စတင်ကျင်းပရာမှ အစပြု၍ နှစ်စဉ်နှစ်တိုင်း ကျင်းပလျက်ရှိရာမှ ၂၀၁၉ ခုနှစ် (၁၆)ကြိမ်မြောက် ကုလသမဂ္ဂဗုဒ္ဓနေ့ အခမ်းအနားကို ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့၌ ကျင်းပခဲ့သည်မှာ မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်များ အတွက်သာမက ကမ္ဘာ့ဗုဒ္ဓဘာသာဝင်များအတွက်ပါ ဂုဏ်ယူဖွယ်ရာဖြစ်ပါသည်။ ထိုကဲ့သို့ ကုလသမဂ္ဂအဖွဲ့ကြီး၏ အသိအမှတ်ပြုခဲ့သည့် ကမ္ဘာ့ဗုဒ္ဓဘာသာနေ့ဖြစ်ပေါ်ရေးတွင် စွမ်းဆောင်ကြိုးပမ်းအဆိုတင်သွင်း ဦးဆောင်ပါဝင်ခဲ့ပြီး ၁၉၉၄ ခုနှစ်မှ ၂၀ဝ၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည့် သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဟောင်း ရှေ့နေနှင့်လူ့အခွင့်အရေးဆိုင်ရာ ပုဂ္ဂိုလ်တစ်ဦးဖြစ်သူ မစ္စတာ လက်ရှ်မန်ကာဒီဂါမာ Lakshman kadigamar ကို အထူးကျေးဇူးတင် အသိအမှတ်ပြုရပါမည်။

 

နေ့ထူးနေ့မြတ်တစ်ခု

 

ကဆုန်လပြည့်နေ့ နေ့ထူးနေ့မြတ်နေ့နှင့်ပတ်သက်ပြီ သမိုင်းတွင်စာတင်ထားရာ အချက်လေးချက် မှတ်သား ထားမိပါသည်။ (၁) ဘဒ္ဒကမ္ဘာတွင် လေးဆူမြောက်ဘုရားစင်စစ်ဖြစ်လိမ့်မည်ဟု ဒီပင်္ကရာမြတ်စွာဘုရားထံတွင် ဘုရားအလောင်းတော် သုမေဓာရှင်ရသေ့ ဗျာဒိတ်ခံယူသောနေ့၊ (၂) မဟာသက္ကရာ ဇ် ၆၈ ခုနှစ်တွင် ဂေါတမ ဘုရားအလောင်းတော် သိဒ္ဓတ္ထမင်းသား ဖွားမြင်တော်မူသောနေ့၊ (၃) မဟာသက္ကရာ ဇ် ၁၀၃ ခုနှစ်တွင် ဗောဓိပင်အောက်၌ ဂေါတမဘုရားအလောင်း ဘုရားဖြစ်တော်မူသောနေ့၊ (၄) မဟာသက္ကရာဇ် ၁၄၈ ခုနှစ်တွင် ဂေါတမဘုရား ပရိနိဗ္ဗာန်စံသောနေ့၊ ယင်းနေ့များအားလုံးသည် ကဆုန်လပြည့်နေ့များတွင်သာဖြစ်သော ဗုဒ္ဓမှတ်တမ်းများ ဖြစ်၍ အလွန်ထူးမြတ်သော နေ့တစ်နေ့လည်း ဖြစ်ပါသည်။ ထို့အပြင် ဗုဒ္ဓဝင်အကျဉ်းဟောသည့်နေ့ မဟာသက္ကရာဇ် ၁၀၄ ခုနှစ်နှင့် ဆဋ္ဌသင်္ဂါယနာတင်သော နေ့များသည်လည်း ကဆုန်လပြည့်နေ့များတွင်ဖြစ်၍ ဗုဒ္ဓနေ့များအဖြစ် သတ်မှတ်ထိုက်ပါသည်။ ဗုဒ္ဓဘာသာဝင် သူတော်ကောင်းများသည် ဗောဓိပင်ကို ဘုရားရှင်၏ ပရိဘောဂစေတီအဖြစ် ရည်မှန်းပြီး သာသနာတော် အဓွန့်ရှည်သန်ရေးအတွက်မျှော်မှန်းကာ ရေစင်သွန်းလောင်းကြပါသည်။ ထို့အပြင် ကမ္ဘာ့ဗုဒ္ဓဘာသာ နိုင်ငံအတွင်းရှိ ဘာသာဝင်များသည် ကဆုန်လပြည့်နေ့တွင် မိမိတို့ရိုးရာအစဉ်အလာအလိုက် သံဃာတော်များအား အရုဏ်ဆွမ်း၊ နေ့ဆွမ်းဆက်ကပ်ခြင်း၊ သီလခံယူဆောက်တည်ပြီး ပရိတ်တရားတော်များ နာကြားကာ ဘာဝနာတရားများ ပွားများအားထုတ်ခြင်း၊ ဇီဝိတဒါန ငါးလွှတ်၊ ငှက်လွှတ်ပွဲများ ကျင်းပခြင်းဖြင့် ကုသိုလ်ပြုကြသည်မှာ နှစ်စဉ် အစဉ်အလာတစ်ခု ဖြစ်ပါသည်။ ယခုလို ကုသိုလ်များကို မဂ်ဖိုလ်သို့ကျေးဇူးပြုပြီး နိဗ္ဗာန်ကို မျက်မှောက်ပြုနိုင်ရန် ရည်သန်ပြုကြမှသာ အကျိုးကျေးဇူးများမည်လည်း ဖြစ်ပါသည်

 

နှလုံးသား၌တည်ရမည့်ဓမ္မ

 

ယနေ့ မိမိတို့နေထိုင်ရာ လူ့အဖွဲ့အစည်းနှင့်ကမ္ဘာကြီးတွင် စစ်ပွဲများ၊ အကြမ်းဖက်သတ်ဖြတ်မှုများ၊ အပြန်အလှန်အငြင်းပွား ရန်လိုတိုက်ခိုက်မှုများ တစ်စထက်တစ်စ များပြားလာသည်ကို သတိပြုမိပါသည်။ မတူကွဲပြားသည့် ဘာသာတရား အသီးသီးရှိနေသော်လည်း လောဘ၊ ဒေါသတရားများကို ထိန်းချုပ်သည့် ဒါန၊ သီလ၊ သမာဓိနှင့် မေတ္တာတရားများ ထူထောင်ကြရာတွင်မူ ဘာသာဝင်အားလုံးတို့က အလေးအနက်ထား လိုက်နာကြရန် လမ်းòန်ဟောပြောဆုံးမချက်များ အသီးသီးရှိကြသည်ပင် ဖြစ်ပါသည်။ လူမျိုးစွဲ၊ ဘာသာစွဲ၊ အယူစွဲ၊ ဝါဒစွဲ အဖွဲ့စွဲ အစွဲအမျိုးမျိုးတို့ကြောင့်သာ ဘာသာတရားများ၏ အဆုံးအမဩဝါဒများ၊ လမ်းစဉ်များကို လိုက်နာရန်ခက်ခဲပြီး အမှန်တရားမှသွေဖည်ကာ အချို့အစွန်းရောက်သည်အထိ ဖြစ်တည်သွားကြရခြင်း ဖြစ်ပါသည်။ အတ္တ၊ မာန၊ ဒိဋ္ဌိနှင့် လောဘ၊ ဒေါသ၊ မောဟတရားများ နေရာယူလာသော ဤက္ဘာကြီးတွင် ကောင်းချီးဩဘာ ကျက်သရေမင်္ဂလာ အဖြာဖြာနှင့်ပြည့်စုံသော မြတ်ဗုဒ္ဓ၏ အဆုံးအမတရားဓမ္မများကို နှလုံးသား၌တည်ပြီး လူသားအားလုံးအတွက် ငြိမ်းငြိမ်းချမ်းချမ်းနှင့် သဟဇာတ မျှမျှတတနေထိုင်ရေးအတွက် ဦးတည်ရမည့်အခြေအနေနှင့် အချိန်ကာလလည်း ဖြစ်ပါသည်

 

အတ္တနှင့် အနတ္တ

 

မြတ်ဗုဒ္ဓက လူသားတိုင်းအား သံသရာဝဋ်ဆင်းရဲမှလွတ်မြောက်စေရန် တိတိကျကျ ဟောကြားထားသော တရားများအနက် သိမ်မွေ့သော ကိုယ်ကျင့်တရားများ ထားရှိရန်နှင့် ချစ်ခြင်းမေတ္တာတရားများ ပွားများရန် အနတ္တသဘောက ပြသနေပါသည်။ အတ္တများနေသရွေ့တစ်ကိုယ်ကောင်းဆန်မှုများ ပြည့်လျက်နေပါမည်။ ငါဟူ၍ မှတ်နေသမျှ ကိုယ်ကျင့်သီလမမြဲဟူ၍ မှတ်ယူကာ ငါဟူသောအစွဲကို ဖယ်ထုတ်နိုင်မှသာ အများအတွက် လုပ်ပေးလိုသောသဘော၊ ကိုယ်ကျိုးစွန့်လိုသောသဘောများဖြင့် အမှန်သို့ရောက်နိုင်ပါမည်။ စိတ်၏သဘော၊ စိတ်ဖြူစင်သန့်ရှင်းမှု၊ ညစ်နွမ်းပျက်စီးမှုဟူသည်မိမိအပေါ်တွင်သာ မူတည်ပါသည်။ သဘောထား ကွဲလွဲမှုများ၊ အတွေးအခေါ် တိမ်းစောင်းမှုများအကြားတွင် မိမိစိတ်ကို အစိတ်စိတ်အမွှာမွှာ အဖြစ်မခံဘဲ မိမိစိတ်ကိုဖြူစင်သန့်ရှင်းအောင် အစဉ်စောင့်ထိန်း ကျင့်သုံးခြင်းဖြင့် မိမိကိုယ်ကိုသာ မိမိအားထားရာ ပြုနိုင်ပါသည်။ သင်္ခါရတရားအားလုံးသည် ဘယ်အခါမျှ မတည်မြဲပါ။ ဇာတိ၊ ဇရာ၊ မရဏအားဖြင့် ဆက်နေသော ဘဝအစုံစုံတွင် ရခဲလှစွာသော လူ့ဘဝ၌ နောင်သံသရာ ကောင်းစေမည့် ကိုယ်ကျင့်တရားမျိုး၊ ဒဿနိကမျိုးထားရှိရန် မြတ်စွာဘုရားက အလေးအနက်ထား ဆုံးမတော် မူထားပါသည်။

 

မဂ္ဂင်တရားကို

 

ရှင်တော်ဂေါတမသည် လူသားများအပေါ် တစ်ဦးနှင့်တစ်ဦး မေတ္တာဓာတ်ဖြင့် သည်းခံနိုင်မှုစွမ်းအား မြှင့်တင်ပေးပြီး ငြိမ်းချမ်းစေသကဲ့သို့ ကိလေသာကိုပယ်သတ်ပြီး နိဗ္ဗာန်ကိုမျက်မှောက်ပြုသည့် မဂ္ဂင်ရှစ်ပါး တရားအစုံကိုလည်း ဟောပြောပြသပေးတော်မူခဲ့ပါသည်။ မဂ္ဂင်ရှစ်ပါးအနက် မှန်ကန်သော အယူ၊ အမြင် သမ္မာဒိဋ္ဌိဟူသည် အရေးကြီးသော မဂ္ဂင်တစ်ပါးဖြစ်သည်။ မှန်ကန်သောအမြင်ရှိပါမှ မှန်ကန်သောအကြံ၊ မှန်သော စကား၊ မှန်သောအလုပ်၊ မှန်သောအသက်မွေးမှုကို ကောင်းစွာပြုနိုင်ပါသည်။ အမှန်ကိုသိမြင်ခြင်းဟူသည် ဘာဆို ဘာမျှမမြဲ၊ ရထားသည့်ခန္ဓာသည် ဆင်းရဲခြင်း အမှန်ပဲ၊ မိမိကအစိုးရတာလည်းမရှိ၊ အတ္တမရှိ အနတ္တပဲ၊ ဆင်းရဲခြင်းကိုပဲ မှန်စွာသိနေတာ၊ ဆင်းရဲခြင်းရဲ့မူလ၊ ဆင်းရဲခြင်းရဲ့အချုပ်၊ ဆင်းရဲခြင်းချုပ်ငြိမ်းရာ ကျင့်စဉ်စသည့်တရားများကို မှန်ကန်စွာသိမြင်နေခြင်းပင်ဖြစ်ပါသည်။ အသိကို အသိတွင်မထားဘဲ လက်တွေ့လည်း ကျင့်ကြံအားထုတ်သည့်အခါ လောကီကာမဂုဏ်အာရုံများတွင် တွယ်တာ မက်မောခြင်းကင်းပြီး မကောင်းသော အာရုံများမှ လွတ်ကင်းလိုခြင်း၊ မကောင်းသော အကြံအစည်များ ကြံစည်မိပြီး အမျက်ဒေါသထွက် နှလုံးမသာမယာဖြစ်ခြင်း၊ ကိုယ့်လိုဘ မပြည့်သည့်အတွက် ဒေါသရှေ့ထားမိပြီးအနိုင်ယူ၊ နှိပ်စက်၊ ညှဉ်းဆဲလိုခြင်း စသည်များ ပြုလုပ်လိုခြင်းမရှိတော့ဘဲ အမှန်ကိုသာ ကြံစည်လုပ်ကိုင်လိုခြင်း စသည်များဖြစ်ပေါ် လာပါသည်။ ယခုလို မှန်ကန်စွာသိမြင်၊ မှန်ကန်စွာကြံစည်ခြင်းဖြင့်သာ အချင်းချင်းနားလည်မှုလွဲခြင်းကြောင့် ဖြစ်နေရသည့် နိုင်ငံရေးပြဿနာ၊ စီးပွားရေးပြဿနာ၊ လူမှုရေးပြဿနာ၊ လူမျိုးရေး၊ ဘာသာရေးပြဿနာများကိုလည်း တရား မျှတစွာ ဖြေရှင်းနိုင်မည် ဖြစ်ပါသည်။ အတွေးမှန်မှသာ နားလည်မှုအမှန်ပေးနိုင်မည် ဖြစ်ပါသည်။ အပြန်အလှန်နားလည်မှု အပေါ်တွင် အခြေခံသည့် မှန်ကန်ကောင်းမွန်သော အကြံအစည်၊ အလုပ်အကိုင်ဖြင့်သာ မြတ်သောချမ်းသာသုခကို ရရှိနိုင်မည် ဖြစ်ပါသည်။

 

နိဂုံးချုပ်

 

အပြန်အလှန်နားလည်မှုသည် အပြန်အလှန်လေးစားမှုကို ဖြစ်ထွန်းစေပါသည်။ လူမျိုးစွဲ၊ ဘာသာစွဲ၊ အယူအဆများကို အပြန်အလှန်လေးစားမှုက တားဆီးပေးပါသည်။ တရားဥပဒေအရရော မြတ်ဗုဒ္ဓ၏ ဘာသာတရား အဆုံးအမများကိုပါနာခံ၍ အပြန်အလှန် လေးစား တတ်အောင် သင်ကြားလေ့ကျင့် ဆောက်တည်ကြခြင်း ဖြင့်သာ မုန်းတီးမှုရန်မီးများကို ထိထိရောက်ရောက် တားဆီးနိုင်ပါမည်။ လက်ရှိဆောင်ရွက်နေသော ဘာသာပေါင်းစုံ တွေ့ဆုံနှီးနှောဖလှယ်ပွဲများကို ထိထိရောက်ရောက်ဆောင်ရွက်ပြီး ဘာသာပေါင်းစုံငြိမ်းချမ်းရေးမှတစ်ဆင့်နိုင်ငံတော် ရေရှည်ငြိမ်းချမ်းတည်ငြိမ်ရေး၊ ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းသာယာရေးကို တိုးမြှင့်ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါသည်။ ကမ္ဘာ့ဗုဒ္ဓဘာသာ နေ့တစ်နေ့အဖြစ်သတ်မှတ်ထားသော ကဆုန်လပြည့် ဗုဒ္ဓနေ့ဝယ် ဗုဒ္ဓ၏အဆုံးအမဒေသနာများကို ထပ်မံနာကြားကြခြင်းဖြင့် လောဘ၊ ဒေါသ၊ မောဟ၊ မသိတွေဝေမှုများ၊ ကိလေသာတရားများဖြင့် အိပ်မောကျနေသူများ နိုးထလာနိုင်ပါစေ၊ ထူးမြတ်လှသည့် ဓမ္မဒေသနာများဖြင့် မိသားစုတစ်စုမှသည် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းတည်ငြိမ်ပြီး လုံလုံခြုံခြုံဖြင့် အေးချမ်းသာယာရေးအတွက် ကြိုးပမ်းအကောင်အထည်ဖော်နိုင်ကြပါစေရန် ဆုမွန်ကောင်းတောင်းလျက် ဘုရားကျေးဇူး၊ တရားကျေးဇူး၊ သံဃာကျေးဇူးများကို ဆပ်လှူရေးသားလိုက်ရပါသည်။ ။

 

ဒေါက်တာမြတ်မိုး