ပဲခူး ၁၈ မေ 

 

ပဲခူးမြို့ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီး ရင်ပြင်တော် အင်္ဂါထောင့်ရှိ ဗောဓိညောင်ပင်တွင် ယနေ့ ကဆုန်လပြည့်နေ့ နံနက် ၇ နာရီခွဲအချိန်က (၆၉) ကြိမ်မြောက် ညောင်ရေသွန်းပွဲ အခမ်းအနား ကျင်းပပြုလုပ်သည်။

 

အဆိုပါညောင်ရေသွန်းပွဲတော်သို့ ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ၊ ရွှေမော်ဓောစေတီတော်မြတ်ကြီး ဂေါကပအဖွဲ့နာယက ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်နှင့် ဂေါပကအဖွဲ့များ၊ ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့များ တက်ရောက်ကြပြီး "ဒုက္ခပတ္တာစ နိဒ္ဒုက္ခာ" ဂါထာတော်ကို(၃)ခေါက် ရွတ်ဆိုမေတ္တာပို့ပြီး ညောင်ရေတော်များ သွန်းလောင်းပူဇော်ကြသည်။

 

ကဆုန်လပြည့်နေ့သည် ဗုဒ္ဓဘာသာဝင်တို့၏ အထွတ်အမြတ်နေ့ဖြစ်သဖြင့် ပြည်ထောင်စု မြန်မာနိုင်ငံ၌ အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ထားပြီး ကဆုန်ညောင်ရေသွန်းပွဲတော်အဖြစ် ထင်ရှားသည့် ဘာသာရေးပွဲကို ဗုဒ္ဓဘာသာဝင်များကပါဝင်ဆင်နွှဲကြသည်။ ကဆုန်လရာသီသည် နေအရှိန် အပြင်းအထန်ဆုံးဖြစ်ပြီး  ရေခန်းခြောက်လေ့ရှိကာ ဘုရားပွင့်တော်မူသည့်ဗောဓိပင်ကို ရည်မှတ်ရေစင်သွန်းလောင်းပူဇော်ကြသည်။

 

ပဲခူးမြို့၌ ဆုတောင်းပြည့် ရွှေမော်ဓောစေတီတော်မြတ်ကြီးအပြင် ကျိုက်ပွန်လေးမျက်နှာ စေတီတော်မြတ်ကြီးနှင့် သမိုင်းဝင်စေတီပုတီများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ရပ်ကွက်အတွင်းရှိ ဘာသာရေးအသင်းအဖွဲ့ ဓမ္မာရုံများတွင် ကဆုန်ညောင်ရေသွန်းပွဲတော်များ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ကြောင်း သိရသည်။

 

ဟိန်းထက်(ပဲခူး)

 

DSC08