ဆီဆိုင် ၁၈ မေ    

 

ငြိမ်းချမ်းရေးဖြစ်စဉ်အား ပြည်သူလူထုမှ သိရှိနားလည်လာစေရန်နှင့် ငြိမ်းချမ်းရေးမှာ ပြည်သူလူထု ပူးပေါင်းပါဝင်မှု အားကောင်းလာစေရန်အတွက် တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း (Centre for Development and Ethnic Studies)မှ စီစဉ်ကျင်းပသည့် ငြိမ်းချမ်းရေးဖိုရန်ဆွေးနွေးပွဲကို မေ ၁၇ ရက် နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့၊ မြို့နယ်ခန်းမဆောင်၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ရှေးဦးစွာ အရပ်သားကိုယ်စားလှယ်၊ JMC-S, Shan State မှ ခွန်ကျော်ဆွေက ပြည်တွင်းငြိမ်းချမ်းရေး ဖြစ်စဉ်အကြောင်းကို လည်းကောင်း၊ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြည်သူလူထုပူးပေါင်းပါဝင်မှု မြှင့်တင်ခြင်းကို ဦးရန်ကျော် (နိုင်ငံရေးလေ့လာသုံးသပ်သူ)မှ လည်းကောင်း၊ မြန်မာပြည်နှင့် ဖက်ဒရယ်စနစ်အကြောင်းကို ဒေါက်တာမိုးစက် (သုတေသနဒါရိုက်တာ၊ CDES)မှ လည်းကောင်း၊ ပြည်ထောင်စုတည်ဆောက်ရေးဆိုင်ရာ အခြေခံမှုများအကြောင်းကို ငွန်လျန်ဆန်း(အမှုဆောင်ဒါရိုက်တာ၊ CDES)မှလည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ပြီး ငြိမ်းချမ်းရေးဖိုရမ် ဆွေးနွေးပွဲသို့ တက်ရောက်လာကြသူများက မိမိတို့သိရှိလိုသည့် အကြောင်းအရာများကို မေးမြန်းဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြသည်။

 

"လက်ရှိငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့ဖြစ်စဉ်အကြောင်းတွေ အဲဒီဖြစ်စဉ်မှာဆိုရင် (UPDJC)လုပ်ငန်းတာဝန် တွေကဘာလဲ၊ JMC ရဲ့လုပ်ငန်းတာဝန်တွေကဘာလဲ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်နေကြတာလဲ ငြိမ်းချမ်းရေး ဖြစ်စဉ်ရဲ့ ရည်ရွယ်ချက်ပန်းတိုင်ကဘာလဲဆိုတဲ့အချက်တွေ ဆွေးနွေးတယ် အဲဒီအပြင် ဖက်ဒရယ်စနစ်ဆိုတာဘာလဲ ဖက်ဒရယ်မှာပါတဲ့အချက်တွေ အနာဂါတ်ဖက်ဒရယ် ပြည်ထောင်စုတည်ဆောက်တဲ့အခါမှာ အရေးပါတဲ့အခြေခံမူ တွေအကြောင်းတွေ ဒီငြိမ်းချမ်းရေးဖြစ်စဉ်မှာ  ပြည်သူလူထုပူပေါင်းပါဝင်မှုကို ဘယ်လိုမြှင့်တင်နိုင်မလဲဆိုတဲ့ ပူပေါင်းပါဝင်မှု မြှင့်တင်ခြင်းဆိုတဲ့ခေါင်းစဉ်တွေကို ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်" ဟု ငွန်လျန်ဆန်း (အမှုဆောင်ဒါရိုက်တာ၊ CDES)က ပြောကြားသည်။

 

တိုင်းရင်းသားလူမျိုးရေးရာဖွံ့ဖြိုးရေးနှင့် သုတေသနအသင်း(CDES)သည် ၂၀၁၂ ခုနှစ်မှ စတင်ဖွဲ့စည်းခဲ့သည့် လွတ်လပ်၍ ဘက်မလိုက်သော အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ပြည်ထောင်စုမြန်မာနိုင်ငံအတွင်း ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေးကို အထောက်အကူပြုရန် ရည်ရွယ်၍ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနှင့် ဖက်ဒရယ်စနစ်ဆိုင်ရာအသိပညာနှင့် ကျင့်သုံးမှုများကိုဖော်ထုတ်မျှဝေပေးလျက်ရှိကြောင်း သိရသည်။

 

အဆိုပါဆွေးနွေးပွဲသို့ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမူအဖွဲ့အစည်းများ၊ တောင်သူလယ်သမားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

 

ခွန်ရဲထွေး(ဆီဆိုင်)

 

ge DSC