ကန့်ဘလူ ၁၈ မေ
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူခရိုင် ကန့်ဘလူမြို့ မဟာရွှေစည်ကြီးစေတီတော်၌ ယနေ့နံနက် ၈ နာရီက ဗုဒ္ဓအခါတော်နေ့(ကဆုန်လပြည့်) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော် အပါး ၂၂၀ နှင့် သီလရှင်အပါး ၂၀ တို့အား ခရိုင်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးထွန်းဇော်၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဦးဇော်နိုင်ဝင်း၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ဌာနဆိုင်ရာများ၊ ဘာသာရေးအသင်းအဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ စုပေါင်း၍ ဆွမ်းဆန်စိမ်းလောင်းလှူကြသည်။
ထို့နောက် သာသနာ့ဗိမာန်တော်၌ ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ရေစက်ချအခမ်းအနားကျင်းပရာ တက်ရောက်လာကြသူများက မြို့နယ်သံဃာ့နာယကဩဝါဒစရိယ မြို့ရှေ့ကျောင်းတိုက်ဆရာတော် အဂ္ဂမဟာသန္ဒ ဓမ္မဇောတိကဓဇ ဘဒ္ဒန္တဇဝန ထံမှကိုးပါးသီလ ခံယူဆောက်တည်ကြပြီး တာဝန်ရှိသူများက ဆရာတော်အားလှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ယင်းနောက် မြို့နယ်သံဃာ့နာယက ဩဝါဒစရိယဆရာတော်ထံမှ အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်ချအမျှပေးဝေကြကြောင်း သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)