နေပြည်တော် ၁၈ မေ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဒက္ခိဏသီရီမြို့နယ်၊ ကံ့ကော်ပန်းအဝိုင်းအနီး၌ တည်ထားကိုးကွယ်လျက်ရှိသော ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်းနှင့်အန္တရယ်ကင်းပရိတ်တရားတော် နာယူခြင်းကို ယနေ့ နံနက် ၇ နာရီက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ကျင်းပသည်။
ရှေးဦးစွာ ဆရာတော် သံဃာတော်များနှင့်တရားနာပရိသတ်များက နမော တဿ သုံးကြိမ်ရွက်ဆို ဘုရားကန်တော့၍ အခမ်းအနားအားဖွင့်လှစ်ခဲ့သည်။ ဆက်လက်၍ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒစရိယ၊ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက်၊ ပဓာနနာယက၊ အဘိဓဇမဟာရဋ္ဌဂုရု၊ ဆရာတော် ဘဒ္ဒ န္တဇနိန္ဒ အမူး ပြုသောပင့်သံဃာများမှ ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်များ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်၍ ဗုဒ္ဓါဘိသိက်သွန်းတော်မူပြီး ပရိတ်တရားတော်များ ရွက်ဖတ်ပူဇော်ကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌဒေါက်တာမျိုးအောင်နှင့်ဇနီး၊ ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအောင်မြင်ထွန်း၊ ဦးအေးမောင်စိန်၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများက ဆရာတော် သံဃာတော်များအား လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)