ဘားအံ  ၁၈  မေ 

 

ကဆုန်လပြည့်နေ့သည် ( ဗျာဒိတ်၊ ဖွား၊ မြင်၊ ဗောဓိပင်၊ စံဝင်နိဗ္ဗာန်နန်း ) ဆိုသည်နှင့်အညီ ဗုဒ္ဓရှင်တော် မြတ်ဘုရားနှင့်စပ်လျဉ်း၍ အလွန်ထူးခြားသည့် ဗုဒ္ဓဝင်မှတ်တိုင်များကို အခိုင်အမာစိုက်ထူခဲ့သည့် ဗုဒ္ဓဘာသာဝင်တို့၏ နေ့ထူးနေ့မြတ်ကြီးတစ်နေ့ဖြစ်ရာ ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ပြည်နယ်သံဃနာယကအဖွဲ့နှင့် ပြည်နယ်အစိုးရအဖွဲ့တို့မှ ကြီးမှူး၍ ညောင်ရေသွန်းလောင်းပူဇော်ပွဲအခမ်းအနားကို မေလ ၁၈ ရက်နေ့ နံနက် ၇ နာရီက သေဋ္ဌမာရ်အောင် ဘုရားကြီးဝင်းအတွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

 

ကဆုန်လပြည့် ဗုဒ္ဓနေ့ကို ကဆန်ုလပြည့်မာရ်အောင်နေ့ ဟူ၍ ခေါ်စမှတ်ပြုကြပြီး ကဆုန်လပြည့်နေ့ရောက်တိုင်း  ဘုရားအလောင်း ဖွားမြင်သည့်အချိန်နှင့် တစ်ချိန်တည်းဖြစ်တည်ရှင်သန်လာသည့် မူလမဟာဗောဓိပင်၏ ပင်ပွား ဗောဓိပင်များကို မညိုးနွမ်းစိမ်းလန်းရှင်သန်စေရန်ဟူသော ဆန္ဒမွန်ဖြင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို သက်တော်ထင်ရှားမြတ်စွာဘုရား၏ မာရ်ငါးပါးကို အောင်မြင်တော်မူမှု အာရုံပြုရည်မှန်း၍ ညောင်ရေသွန်းဖျန်းလှူဒါန်း ပူဇော်ခြင်းအမှုကို ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

 

အခမ်းအနားတွင် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဥတ္တရ (သာသနတက္ကသီလဓမ္မာစရိယ၊ ဓမ္မဝါသီ ကျောင်းတိုက်)ထံမှ ကိုးပါးသီလခံယူဆောက်တည်ကြပြီး  ဆရာတော်၊သံဃာတော်အရှင်သူမြတ်များထံမှ ပရိတ်တရား တော်များ နာယူကြည်ညိုကာ လှူဘွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။

 

ထို့နောက် ပြည်နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဘဒ္ဒန္တဥတ္တရ အမှူးပြုသော ဆရာတော်သံဃာတော်များက ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်ကို ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဆရာတော်ကြီးများ၊ ကရင်ပြည်နယ် အစိုးရအဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ်ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌဦးစောချစ်ခင်၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဦးစောစံလင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ဧည့်ပရိတ်သတ်များက ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ကြသည်။

 

အဆိုပါ ညောင်ရေသွန်းလောင်းပူဇော်ပွဲသို့ ကြွရောက်လာသူများအား ဌာနဆိုင်များနှင့် ရပ်ကွက်များမှ  နိဗ္ဗာန်ဈေးဖြင့် တည်ခင်းဧည့်ခံခဲ့ကြပြီး ကဆုန်လပြည့်ဗုဒ္ဓနေ့အထိမ်းအမှတ်အဖြစ် ရပ်ကွက်အလိုက် ဝတ်အသင်းများက မော်တော်ယာဉ်(၈)စီးဖြင့် ဓမ္မစြင်္ကာတရားရွတ်ဆို၍ မြို့ပတ်လှည့်လည်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN

 

ge 8.JP