စစ်ကိုင်း ၁၈  မေ    

 

စစ်ကိုင်းတောင်ရိုး၊ ဆွမ်းဦးပုညရှင်စေတီ လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်မှုမှာ လက်ရှိတွင်   ၉၀ ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း ဆွမ်းဦးပုညရှင်ဘုရားဂေါပကအဖွဲ့ထံမှ သိရသည်။

 

ဆွမ်းဦးပုညရှင်စေတီတော်အား ၂၀ဝ၅ ခုနှစ်မှ စတင်၍  လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပူဇော်ခဲ့ပြီး  ခြောက်နှစ်လျှင်တစ်ကြိမ်   လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူခဲ့ရာ ယခုနှစ် လုံးတော်ပြည့်  ရွှေသင်္ကန်းကပ်လှူမှုကို ၂၀၁၆ ခုနှစ်မှ စတင်၍  စေတီအပေါ်ပိုင်း ပထမပစ္စယံ ကပ်လှူခြင်း လုပ်ငန်းကို စတင်ခဲ့ရာ ၂၀၁၇ ခုနှစ်တွင်  ပြီးစီးခဲ့ကြောင်းနှင့်  ဒုတိယ ပစ္စယံ ရွှေသင်္ကန်း ကပ်လှူပူဇော်မှုကို ၂၀၁၈ ခုနှစ်  ဇွန်လ မှ စတင်၍ ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် ကြေးပြားကပ်ခြင်းလုပ်ငန်း ၇၅ ရာခိုင်နှုန်းပြီးစီးနေပြီးဖြစ်ကြောင်း ဆွမ်းဦးပုညရှင်စေတီတော် ဂေါပက ဥက္ကဋ္ဌ ဦးစိုးဝင်းကပြောသည်။

 

''ပထမ ပစ္စယံ အထိ ရွှေသင်္ကန်းကပ်ပြီးသွားပြီး အခု ဒုတိယ ပစ္စယံကို ကပ်ဖို့ လုပ်နေတယ်။ ကြေးပြား ကပ်နေတယ်။ ကြေးပြားကပ်နေတာကလည်း ၇၅ ရာခိုင်နှုန်းလောက် ပြီးသွားပြီ။ နောက် တစ်လလောက်မှာ ကြေးပြားကပ်လုပ်ငန်း အားလုံးပြီးမယ်။ ရွှေသင်္ကန်းကပ်ဖို့အတွက်က ဆောင်းတွင်းပိုင်း တန်ဆောင်မုန်း လလောက်မှာ ရွှေသင်္ကန်းကပ်ဖို့ ဆက်လုပ်မယ်  ဒီနှစ်အတွင်း အပြီးဆောင်ရွက်သွားမယ်။ အဲတာပြီးရင် အားလုံး ရွှေသင်္ကန်းနဲ့ဖူးမြော်ရမှာပါ "ဟု ၎င်းက ပြောသည်။

 

ကိုမင်း(အင်းတော်)