နေပြည်တော် ၁၈ မေ
နေပြည်တော် ဒက္ခိဏသီရိမြို့နယ် ကံ့ကော်ပန်းအဝိုင်းအနီးရှိ ရန်အောင်မြင်ကုန်းတော်ပေါ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်တွင် ကိန်းဝပ်စံပယ်တော်မူမည့် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် အန္တရာယ်ကင်း ပရိတ်တရားတော်နာယူပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်ရှိ မင်္ဂလာမဏ္ဍပ်၌ ကျင်းပသည်။
ရှေးဦးစွာ စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့၏ သြဝါဒါစရိယ နေပြည်တော် လယ်ဝေးမြို့ ပေါက်မြိုင်ကျောင်းတိုက် ပဓာနနာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဇနိန္ဒအမှူးပြုသော ဆရာတော်၊ သံဃာတော်များက ဗုဒ္ဓါဘိသေကအနေကဇာတင်၍ ဗုဒ္ဓါဘိသိက် သွန်းတော်မူသည်။
ထို့နောက် ပေါက်မြိုင်ကျောင်းတိုက်ဆရာတော်ထံမှ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်နှင့်ဇနီး ဒေါ်ခင်စောမူ၊ နေပြည်တော်ကောင်စီဝင်များဖြစ်ကြသည့် ဗိုလ်မှူးကြီးမင်းနောင်၊ ဦးအောင်မြင်ထွန်းနှင့် ဦးအေးမောင်စိန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ ဥပ္ပါတသန္တိစေတီတော် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များ၊ ဝတ်အသင်းအဖွဲ့များက ကိုးပါးသီလ ခံယူဆောက်တည်ကြသည်။

ယင်းနောက် ဆရာတော်၊ သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူသော မေတ္တာသုတ် တရားတော်ကို နာယူကြည်ညိုကြပြီး ဆရာတော်၊ သံဃာတော်များအား နေပြည်တော်ကောင်စီ ဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး ပေါက်မြိုင်ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရား နာကြား၍ ရေစက်သွန်းလောင်းအမျှပေးဝေပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ထို့နောက် စကျင်ဗုဒ္ဓရုပ်ပွားတော်နှစ်ဆူ၊ ရတနာစိန်ဖူးတော်၊ ငှက်မြတ်နားတော်နှင့် ရွှေထီးတော်များအား ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး အရှေ့ဘက်မုခ်မင်္ဂလာမဏ္ဍပ်မှ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်လျက်ရှိသည့် ထာဝရငြိမ်းချမ်းရေးစေတီတော်သို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် တာဝန်ရှိသူများက ပင့်ဆောင်ပူဇော်ကြသည်။
(ဟန်လင်းနိုင်)