ရန်ကုန် ၁၈ မေ
Myanmar B2B Management Magazine က ကြီးမှူးကျင်းပသည့် “မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း” အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်ရုံး မင်္ဂလာခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် စီးပွားရေးပညာရှင် ပါမောက္ခဒေါက်တာ အောင်ထွန်းသက်က ’’Self Management’’ ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးပြီး SCANIA ယာဉ်များကို တင်သွင်းဖြန့်ချိနေသော Octagon International Services Co., Ltd ၏ မန်းနေးဂျင်း ဒါရိုက်တာဦးချမ်းမြနှင့် တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်သည်။
ထို့နောက် SCANIA ယာဉ်များကို တင်သွင်းဖြန့်ချိနေသော Octagon International Services Co., Ltd ၏ မန်နေးဂျင်း ဒရိုက်တာဦးချမ်းမြက စီးပွားရေး လုပ်ငန်းအောင်မြင်အောင် လုပ်ဆောင်သင့်သည့် နည်းလမ်းများ၊ စီမံခန့်ခွဲမှုအကြောင်းအရာနှင့် ၎င်းကြုံတွေ့ခဲ့ရသည့် အခက်အခဲရင်ဆိုင် ကျော်ဖြတ်ခဲ့ရမူများကို ပြောကြားပြီး တက်ရောက်လာသူများက သိရှိလိုသည်များကို မေးမြန်းကြသည်။
စီးပွားရေးပညာရှင် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက်က “B2B စီးပွားရေး မဂ္ဂဇင်းက ၆ နှစ်ရှိပြီ။ မဂ္ဂဇင်းထုတ်ရတဲ့ ရည်ရွယ်ချက်က မြန်မာပြည်မှာ စီးပွားရေးကို ထူးထူးချွန်ချွန်လုပ်နေတဲ့ သူတွေရဲ့ပုံရိပ်ကို ပရိသတ်သိအောင် ဖော်ထုတ်ချင်တယ်။ စီးပွားရေးထူးချွန်တဲ့ သူတွေကိုလိုက်ရှာပြီး တစ်ယောက်ချင်း တစ်ဦးချင်းသူတို့ရဲ့ ဖြတ်သန်းလာတဲ့ဘဝ အတွေ့အကြုံပေါ်မူတည်ပြီး တွေ့ဆုံမေးမြန်းမှုတွေ လုပ်တယ်။ ပြီးတဲ့အခါ မဂ္ဂဇင်းမှာ cover story လုပ်တယ်။ သူတို့ဘယ်လို ဖြတ်သန်းခဲ့တယ်။ အောင်မြင်အောင် လုပ်တယ်ဆိုတာ မဂ္ဂဇင်းဖတ်တဲ့သူတွေ အားကျစေချင်တယ်။ အထူးသဖြင့် လူငယ်တွေပေါ့” ဟုပြောသည်။
Myanmar B2B Management Magazine ကို ၂၀၁၂ ခုနှစ် စက်တင်ဘာလက စတင်ထုတ်ဝေခဲ့ပြီး “ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး” အတွက် ရည်ရွယ်ချက်နှင့် စီးပွားရေးနှင့် စီမံခန့်ခွဲမှုဆိုင်ရာ အကြောင်းအရာများကို တင်ဆက်ပေးခဲ့ပြီး Cover Story ၊ Talk ၊ Business ၊ Investing ၊ Startup ၊ Profile ၊ Special Interview စသည့် စိတ်ဝင်စားစရာ Content များစွာ ပါဝင်သည်။
အဆိုပါ Content များထဲမှ “Cover Story” ကို ပညာရှင်နှင့် လုပ်ငန်းရှင်များကို တွေ့ဆုံပြီး အမေး၊ အဖြေ ပြုလုပ်သည့်ပုံစံဖြင့် ထူးထူးခြားခြား တင်ဆက်ပေးနေခြင်းဖြစ်ကာ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်ကိုယ်တိုင် ပြည်တွင်းမှ ထူးချွန်အောင်မြင်သည့် လုပ်ငန်းရှင်ကြီးများ၊ စွန့်ဦးတီထွင်သူများနှင့် တွေ့ဆုံပြီး ၎င်းတို့၏လုပ်ငန်း၊ ဘဝဖြတ်သန်းမှု၊ အောင်မြင်မှု အကြောင်းများကို မေးမြန်းထားသည့် ဤကဏ္ဍသည် B2B ၏ အဓိက Content တစ်ခုလည်းဖြစ်သည်။
ယင်းကဏ္ဍကို ပရိသတ်များ တိုက်ရိုက်ကြည့်ရှု နားဆင်နိုင်ရန်အတွက် “မြန်မာ့ စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း” အမည်ဖြင့် Public Event အဖြစ် ပြောင်းလဲကျင်းပခြင်းဖြစ်သည်။ Myanmar B2B Management Magazine အနေဖြင့် “မြန်မာ့စီးပွားထူးချွန်သူများနှင့် တွေ့ဆုံခြင်း” နှင့် “B2B စကားဝိုင်း” အစီအစဉ်များကို လစဉ် ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
မင်းသစ်-MNA