မန္တလေး ၁၈ မေ

မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်း အမှတ်စဉ် (၂/၂၀၁၉) ဖွင့်ပွဲအခမ်းအနားကို ယနေ့ မွန်းလွဲပိုင်းတွင် မန္တလေးမြို့၊ ပြန်လည်ထူထောင်ရေးစခန်း၌ ကျင်းပသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက မန္တလေးပြန်လည်ထူထောင်ရေးစခန်းတွင် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းသည်  (၄)ကြိမ်မြောက် ဖွင့်လှစ်ကျင်းပခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ဒုတိယအကြိမ်မြောက် ဖြစ်ပါကြောင်း၊ မူးယစ်ဆေးဝါးပြဿနာသည် နိုင်ငံတော်၏ တရားဥပဒေစိုးမိုးရေးနှင့် သက်ဆိုင်သကဲ့သို့ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်ပါကြောင်း၊ နိုင်ငံတော်ကလည်း မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဖြန့်ဖြူးခြင်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ် စနစ်တကျ ဖြေရှင်းဆောင်ရွက်လျက်ရှိကြောင်း၊ ရှေရှည်စီမံကိန်းဖြင့် ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ လူငယ်များ၏တန်ဖိုးရှိသည့် အချိန်များကို အကျဉ်းစခန်းများတွင် ကုန်လွန်စေခြင်းမျိုး မဖြစ်စေရအောင် ဥပဒေအရ တိကျစွာ လိုက်နာဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ 

မိမိတို့ဝန်ကြီးဌာနအနေဖြင့် မူးယစ်ဆေးစွဲသူများကို မူးယစ်သံသရာမှ လွတ်မြောက်အောင် ရုန်းထွက်လာနိုင်သည့် အထိဆောင်ရွက်ပေးရန် ကြိုးပမ်းလျက်ရှိပါကြောင်း၊ တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးစခန်းများကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန် ကြိုးပမ်းလျက်ရှိကြောင်း၊ မူးယစ်ဆေးဖြတ်ပြီးသူများ ပြန်လည်ထူထောင်ရေးသင်တန်းများကို လူမှုအဖွဲ့အစည်းများ၊ ဖေါင်ဒေးရှင်းများ၊ အလှူရှင်များနှင့်ပူးပေါင်း၍ ရပ်ရွာအခြေပြု၊ စခန်းအခြေပြုနှင့် ရပ်ရွာနှင့် စခန်းအခြေပြု သင်တန်းများဖြင့် ဆောင်ရွက်လျက်ရှိရာ သင်တန်းကာလကိုလည်း တိုးမြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ပြန်လည်ထူထောင်ရေးသင်တန်းများ ပိုမိုအကျိုးရှိစေရန် ဖွင့်လှစ်ပြီးခဲ့သော သင်တန်းများ၏ ရလဒ်များကို ပြန်လည်ဆန်းစစ်လျက်ရှိပါကြောင်း။

ယခုသင်တန်းကို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ပူပေါင်းမှုဖြင့် ဖွင့်လှစ်ခြင်းဖြစ်ပြီး ထိရောက်အောင်မြင်အောင် သင်တန်းသားများ ကိုယ်တိုင်ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာချမှတ်ကာ ပါဝင်ဆောင်ရွက်ကြစေလိုကြောင်းနှင့် ပြန်လည်ထူထောင်ရေး သင်တန်းများ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးကြသော တာဝန်ရှိသူများနှင့် ပူးပေါင်းပါဝင်ကြသော တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုလည်း ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ပြန်လည်ထူထောင်ရေးသင်တန်းများသည် မူယစ်ဆေးဖြတ်ပြီးသူများ၏ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာများ ပြန်လည်ဖွံ့ဖြိုးလာအောင် ဆောင်ရွက်ရန် အရေးကြီးကြောင်း၊ အထူးအဖြင့်မူးယစ်ဆေးစွဲသော လူငယ်များ မူးယစ်သံသရာထဲမှ ရုန်းထွက်နိုင်စေရန် ထိရောက်သော ပြန်လည်ထူထောင်ရေး လုပ်ငန်းများသည် ၎င်းတို့၏မိသားစုများ၏ အနာဂတ်၊ နိုင်ငံတော်၏အနာဂတ်အတွက် များစွာအထောက်အကူ ပြုစေမည်ဖြစ်ပါကြောင်းနှင့် မူးယစ်ဆေးဝါးထုတ်လုပ်ခြင်း၊ သိုလှောင်ခြင်း၊ သယ်ဆောင်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဖြန့်ဖြူးခြင်းများကို တိုက်ဖျက်ရာတွင် ပြည်သူများက ပါပူးပေါင်းပါဝင်ကြမှ သာအောင်မြင်နိုင်မည် ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သင်တန်းသားများအား နှုတ်ဆက်အားပေးစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်