မန္တလေး ၁၈ မေ 


ကဆုန်လပြည့်နေ့ ဗုဒ္ဓနေ့သည် ထေရဝါဒဗုဒ္ဓဘာသာဝင်များအတွက် မင်္ဂလာရှိသော ဘာသာရေးနေ့ထူးနေ့မြတ်နေ့ဖြစ်သဖြင့် မန္တလေးမြို့ပေါ်ရှိ တန်ခိုးကြီးဘုရား ပုထိုးစေတီတော်များ၌ ဗုဒ္ဓါဘိသေက အနေကဇာတင်လှူပူဇော်ပွဲများနှင့် ပရိဘောဂစေတီထိုက်သော ဗောဓိညောင်ပင်တို့အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲများ ကျင်းပ၍ မန္တလေးမြို့မှ ဆွမ်းလောင်းအသင်းများနှင့် ကုသိုလ်ရှင်များက ဆရာတော် သံဃာတော်များကို ဆွမ်း၊ ဆွမ်းဟင်းများ၊ ချိုချဉ်ခဲဖွယ်ဘောဇင်များ လောင်းလှူကုသိုလ်ပြုသူများဖြင့် စည်ကားလျက်ရှိသည်။


ယနေ့ နံနက် ၄ နာရီတွင် မဟာမုနိရုပ်ရှင် တော်မြတ်အား ရေတော်ဆရာတော် အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တဥက္ကဋ္ဌ အရှင်သူမြတ်အမှူးပြု၍ ဘုရားကြီးမျက်နှာ သစ်တော်ဝတ်အဖွဲ့က မျက်နှာသစ်တော်မူပြီး ရဟန်းရှင်လူပြည်သူများ ဓမ္မစြင်္ကာဝတ် အသင်းများ ဂေါပကအဖွဲ့ဝင်များ၊ ဘာသာရေး အသင်းအဖွဲ့များ၊ အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာသူများက ရွှေသင်္ကန်းကပ်လှူ ပူဇော်ခြင်း၊ ဆွမ်း၊ ရေချမ်း၊ ပန်းကပ်လှူ ပူဇော်ခြင်း၊ မျက်နှာသစ်တော်အတွက်နံ့သာ သွေးလူဒါန်းသူများအပြင် အလှူငွေလှုဒါန်းခြင်း၊ ခုနှစ်နေ့နံဘုရားများတွင် ရေသပ္ပါယ်ခြင်း၊ သီတင်းသီလ ဆောက်တည်ကြခြင်းများဖြင့် စည်ကားလျှက်ရှိသည်။ ယနေ့ နံနက် ၈ နာရီတွင် မဟာမုနိပရိဝုဏ်အတွင်း အင်္ဂါထောင့်ရှိ ပရိဘောဂစေတီ ဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ပွဲအခမ်းအနားကို ကျင်းပရာ ရေတော်ဆရာတော်အမှူးပြု၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်၊ တိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ်နှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မဟာမုနိဘုရားကြီး ဂေါပကအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးလင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ ဘာသာရေးအသင်းအဖွဲ့များ၊ ဘုရားဖူး လာပြည်သူများသည် အစီစဉ်အတိုင်း ညောင်ရေသွန်းလောင်း ပူဇော်ကြသည်။ မန္တလေးတောင်ခြေရှိ မဟာသကျမာရဇိန်ကျောက်တော်ကြီး ဘုရားဂေါပကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ ဦးဆောင်၍ ညနေပိုင်း၌ ညောင်ရေသွန်းပွဲတော်ကို စည်ကားသိုက်မြိုက်စွာကျင်းပရာ ဘုရားဖူးလာပြည်သူများ ဒေသခံပြည်သူများက ညောင်ရေသွန်းလောင်းသူများအား စတုဒိသာမုန့် အအေးတို့ဖြင့် ကျွေးမွေးကုသိုလ်ပြုကြသည်။

 

1


ချမ်းမြသာစည်မြို့နယ် ဒက္ခိဏရာမ ဘုရားကြီးတိုက်ရှိ ဦးပွားဆုတောင်းပြည့် စေတီတော်၊ ရွှေကျီးမြင်၊ ဘုရားနီဘုရား၊ ဆုတောင်းပြည့် ဆုတောင်းရဘုရား၊ ဝါခင်းကုန်းဘုရား၊ ဂေါပကအဖွဲ့များကကြီးမှူး၍ ဆဋ္ဌမအကြိမ် ကဆုန်ညောင်ရေသွန်းပွဲတော် ကျင်းပရာ၌လည်း မဟာသကျသီဟမြတ်စွာဘုရား ပုရိဝုဏ်အတွင်းရှိ မဟာဗောဓိ ညောင်ပင်အား ညောင်ရေသွန်းလောင်းပူဇော်ပြီး စတုဒိသာ ကျွေးမွေးခြင်းနှင့် ဧည့်ပရိတ်သတ်များအား ပဉ္စသိခငေ်္တးဂီတ၊ မန္တလေးပန်းကြေးမုံ တေးဂီတအဖွဲ့တို့က ဖျော်ဖြေဧည့်ခံခြင်း၊ ချမ်းသာရဆုတောင်းပြည့်ဘုရား နန်းမြို့ဆုတောင်းပြည့် ဘုရားတို့အပြင် မန္တလေးမြို့ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ သီပေါမင်းတရားကြီး တည်ထားကိုးကွယ်တော်မူခဲ့သော အရှေ့ပြင်လုံးဆိုင်ရာ အောင်တော်မူမြတ်စွာဘုရားတွင် နံနက်ပိုင်းထက် ညနေပိုင်းတွင် ဘုရားဖူးလာသူများ၊ ညောင်ရေသွန်းလောင်းသူများ အထူးများပြားကာ နှစ်စဉ် အလှူရှင်များကလည်း စတုဒိသာ ကြာဆံဟင်း ရေသန့် အချိုရည်များဖြင့် ဧည့်ခံကြသည်။


မဟာအောင်မြေမြို့နယ် ဗောဓိကုန်းရပ်တွင်တည်ရှိသော မင်းတုန်းမင်းတရားကြီး စိုက်ပျိုးလှူဒါန်းခဲ့သည့် ဗောဓိညောင်ပင်တို့တွင် ၁၅၉ ကြိမ်မြောက် ညောင်ရေသွန်း လောင်းလှူပွဲကြီးကို စတုဒိသာကျွေးမွေးလှူဒါန်းခြင်းများဖြင့် စည်ကားစွာ ဆင်နွှဲကျင်းပလျက်ရှိရာ အဆိုပါဗောဓိပင် ဘုရားဂေါပကအဖွဲ့နှင့် စေတနာရှင် သူတော်စင်အပေါင်းတို့က နံနက်ပိုင်းတွင် သံဃာတော်အပါး ၆၀ ကျော်တို့အား ဆွမ်း၊ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး စေတနာရှင် အလှူရှင်များက နံနက် ၇ နာရီမှ ၉ နာရီအတွင်း မဟာဗောဓိပင် ကျောင်းတိုက် ဆွမ်းစားကျောင်းဆောင်သို့ ဆွမ်း၊ ဆွမ်းဟင်းများ ပေးပို့လှူဒါန်း ကုသိုလ်ပြုခဲ့ကြသည်။


မဟာဗောဓိပင်ဘုရား မြောက်ဘက်ရှိခြင်းရုံတွင် နံနက် ၁၁ နာရီမှ ညနေ ၆ နာရီအထိ မြို့ပေါ်မှ ခြင်းအသင်း ၁၂ သင်းတို့ကလည်း ခြင်းအလှခတ်ဖြင့် ဘုရားဖူးလာ ညောင်ရေသွန်းပွဲတော်လာများအား ဧည့်ခံပြီး ညနေ ၃ နာရီမှ ညနေ ၆ နာရီအထိ ဘုရားအရှေ့မုခ်တွင် မြို့မ အပျော်တန်းတူရိယာအသင်းမှ ဧည့်ခံဖျော်လျက်ရှိကာ စတုဒိသာ အလှူရှင်ဂုဏ်မြင့်သူ ပိုးထည်တိုက် မိသားစုတို့မှလည်း ဘုရားအနောက်မုခ်တွင် ဘုရားဖူးလာ ပြည်သူများအား ကြာဆံဟင်းချက်နှင့် သာကူယိုတို့ဖြင့် ဧည့်ခံကျွေးမွေး ကုသိုလ်ပြုလျက်ရှိသည်။


အလားတူ မန္တလေးတောင်ဂေါပကအဖွဲ့က ကြီးမှူး၍ မြို့တည်နန်းတည် မင်းတုန်းမင်းတရားကြီး စိုက်ပျိုးတော်မူခဲ့သည့် မန္တလေးတောင်ခြေရှိ မဟာဗောဓိညောင်ပင်အား  ညောင်ရေသွန်း လောင်းပူဇော်ပွဲကျင်းပ၍ ညောင်ရေသွန်းလောင်းပူဇော်ကြပြီး ပွဲတော်လာဘုရားဖူးလာ ပြည်သူများကိုလည်း အအေးစတုဒိသာ တိုက်ကျွေးဧည့်ခံလျက်ရှိသည်။ ကဆုန်လပြည့် မွန်းလွဲပိုင်း၌ မန္တလေးမြို့ အနောက်ခင်မကန်တိုက်ရှိ ဂိလာနပါလဆန်ပြုတ်အလှူတော်အဖွဲ့မှ မန္တလေးအထွေထွေရောဂါကု ဆေးရုံကြီး၊ ဗဟိုအမျိုးသမီးဆေးရုံ၊ ခုတင် ၅၅၀ ဆံ့ ကလေးဆေးရုံ၊ အရိုးအထူးကုဆေးရုံ၊ ခုတင် ၃၀ဝ ဆံ့ ဆေးရုံများသို့ လူနာ၊ လူနာစောင့်တို့အတွက် ညနေစာ ထမင်းဟင်းအစုံ၊ ဂျုံယို၊ ဆန်ပြုတ်၊ သောက်ရေသန့်၊ ရေသန့်နှင့် စားသောက်ဖွယ်ရာများကို သွားရောက်လှူဒါန်းကုသိုလ်ပြုကြသည်။


မန္တလေးအမရပူရမြို့နယ် စွယ်တော်မြတ်စေတီတော် (မန္တလေး) ပရိဝုဏ်အတွင်းရှိ ၂၀၁၁ ခုနှစ်က စိုက်ပျိုးထားသည့် သီရိလင်္ကာဒီမိုကရက်တစ် ဆိုရှယ်လစ် သမ္မတနိုင်ငံမှ လှူဒါန်းသော မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်း ပူဇော်ကြသူများဖြင့် အထူးစည်ကားလှကြောင်း တွေ့ရှိရသည်။ ညနေ ၅ နာရီခွဲ ၌ မန္တလေးမြို့ ကျုံးပတ်လည်ထောင့် နေရာအသီးသီးတွင် ဆရာတော်သံဃာတော်များမှ အန္တရာယ်ကင်းကမ္မဝါများ ရွတ်ပွားချီးမြှင့်ကြရာ ကြည်ညိုနာယူပူဇော်ကြသူများဖြင့် အထူးစည်ကားကာ မန္တလေးမြို့အနှံ့ နံနက်အရုဏ်တက်ချိန်မှစ၍ ညတိုင်အောင် ဘုရားစေတီပရဝုဏ်အတွင်းရှိ ဗောဓိညောင်ပင်များအား ညောင်ရေသွန်းလောင်း ပူဇော်ကြသူများ၊ ဘုရားဖူးလာသူများဖြင့် ကြိတ်ကြိတ်တိုး စည်ကားလျက်ရှိသည်။ ထို့ပြင် ဘာသာရေး သာသနာရေး လူမူရေး အသင်းအဖွဲ့များ အလှူရှင်ပြည်သူများကလည်း စတုဒိသာကြာဆံဟင်း ရွှေရင်အေး အချိုရေမျိုးစုံ သောက်ရေသန့်တို့ဖြင့် ဧည့်ခံကျွေးမွေးလှူဒါန်းလျက်ရှိကာ ကုသိုလ် ကောင်းမှုပြုကြသူများဖြင့် အထူးစည်ကားလျက်ရှိပြီး ကဆုန်ညောင်ရေသွန်းလောင်း ပူဇော်ပွဲများကို မိမိတို့နေရာဒေသအလိုက် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း တွေ့ရသည်။ 


တင်မောင်(မန်းကိုယ်ပွား)