mdn

ဒေါက်တာစန်းဝင်း (သစ်တောနှင့် ပတ်ဝန်းကျင်ဆိုင်ရာတက္ကသိုလ်၊ ရေဆင်း)

 

နိုင်ငံအလိုက် အဓိကကျတဲ့ စီးပွားရေးကဏ္ဍတွေ ရှိကြပါတယ်။ ဥပမာ- နယူးဇီလန် နိုင်ငံဆိုရင် အသား၊ နို့နှင့် နို့ထွက်ပစ္စည်း တင်ပို့မှုအတွက် နွားမွေးမြူရေး (Pastoral Farming) နှင့် ပန်းသီး၊ ကီဝီသီးစိုက်ပျိုးခြင်း (Horticulture)တို့ဟာ အဓိက စီးပွားရေးကဏ္ဍ ဖြစ်ပါတယ်။ အဓိကကျတဲ့ စီးပွားရေးလုပ်ငန်းတွေဖြစ်လို့ ယင်းလုပ်ငန်း တွေပါဝင်တဲ့ ဝန်ကြီးဌာနကို Ministry of Primary Industry လို့ ခေါ်ပါတယ်။ နိုင်ငံတိုင်း အဓိက စိုက်ပျိုးရေးကဏ္ဍများ၏ စွမ်းဆောင်နိုင်မှုမကျအောင်ဆောင် ရွက်ပေးဖို့ လုပ်ကြရပါတယ်။ ဆောင်ရွက်ပေး ဖို့ဆိုတာမှာ- မူဝါဒပိုင်း၊ ဥပဒေပိုင်း၊ ငွေကြေးဆိုင်ရာ ကူညီမှုအပိုင်း၊ ပါဝင်လုပ်ကိုင်နေကြသော ပုဂ္ဂိုလ်များရဲ့ လူမှုရေးပိုင်း၊ ဈေးကွက်ကူညီမှုအပိုင်း စသည်ဖြင့်လေ့လာပြီး အကောင်းဆုံး ကူညီနေကြရတာ ဖြစ်ပါတယ်။ အဓိက စီးပွားရေးလုပ်ငန်းတွေမှာ ပါဝင်လုပ်ဆောင်သူတွေ အဆင်ပြေမှ သူတို့ပါဝင်လုပ်ဆောင်နေသော စီးပွားရေးကဏ္ဍလည်း ထွန်းကားလာမှာ၊ အဲဒီလို ထွန်းကားလာမှသာ တိုင်းပြည်လည်း စီးပွားရေးအရ အခြေခိုင်လာမှာဖြစ်ပါတယ်။ မူဝါဒပိုင်း အနေနဲ့ ကူညီတာတွေအနက် တစ်ခုကို ဥပမာအနေနဲ့ပြောရရင် စိုက်ပျိုးရေး၊ သစ်တော၊ မွေးမြူရေး ထွက်ကုန်များ တိုးတက်ရန်အတွက် ယင်းကဏ္ဍများက ထွက်ရှိတဲ့ပစ္စည်းများ အပေါ် ဝင်ငွေခွန်လျှော့ပေးခြင်း စတဲ့ဟာတွေဖြစ်ပါတယ်။

 

ကြိုးစားသလောက် အရာမထင်

 

အခုလို နွေရာသီနှောင်းပိုင်း-မိုးသံလေသံကြားနေရတဲ့အခါ ကျွန်တော်တို့နိုင်ငံရဲ့ လယ်ယာလုပ်ငန်းခွင်မှာ နွေစပါးရိတ်သိမ်းနေကြသလို ကုန်းသစ်သီးသစ်နှံတွေလည်း ရိတ်သိမ်းနေတဲ့အချိန်ပါ။ ကုန်းသစ်သီးသစ်နှံ ဆိုတာ ပဲ၊ ငရုတ်၊ ကြက်သွန်နီ၊ ကြက်သွန် ဖြူ၊ ဆောင်းနှမ်း စတာတွေပါ။ ‘ဒီသီးနှံတွေအနက် ကြက်သွန်နီ စိုက်ပျိုးသူတွေဟာ ဈေးမကိုက်လို့ ကြိုးစားခဲ့သလောက် အရာမထင်တာ တွေ့နေရပါတယ်။ ပြောလိုတာက ကြက်သွန်နီဈေးကျနေလို့ စိုက်ပျိုးသူတွေ ထင်သလောက်အမြတ်မရကြတာ၊ အချို့ဆို အရင်းပဲရ၊ အချို့က ရှုံးတာနဲ့ရင်ဆိုင်နေရတယ်။ ဒါက ဖြစ်နေကျလို့ပဲတောင် ပြောရမလို ဖြစ်နေပါပြီ။ ဥပမာ ခရမ်းချဉ်သီး လှိုင်ပြီဆိုရင်လည်း ၁ ပိဿာ ကျပ် ၂၅၀ ကျပ်ဝန်းကျင်လောက်ပဲရှိတာပါ။ တချို့လယ်သမားတွေဆို လုပ်အားခနဲ့မကိုက်လို့ ဆွတ်တောင်မဆွတ်တော့ဘူး။ စားချင်တဲ့လူခူးစား။

 

နေရာပေါ်မူတည်ပြီး ကြက်သွန်စိုက်ပျိုးမှု နှစ်မျိုးကွဲ

 

ကြက်သွန်မှာက ကုန်းပိုင်းယာခင်းတွေမှာစိုက်တဲ့ “ကုန်းကြက်သွန်”နဲ့ မြစ်ရေ ချောင်းရေအကျ- သဲနုန်းခုံမှာစိုက်တဲ့ “သဲကြက်သွန်” (ချောင်းကြက်သွန်လို့ လည်းခေါ်ကြတယ်) ဆိုပြီး စိုက်ပျိုးသော နေရာပေါ်မူတည်ပြီး နှစ်မျိုးကွဲပါတယ်၊ မြစ်/ချောင်းသဲနုန်းခုံမှာ စိုက်တဲ့ကြက်သွန်က မြေဩဇာပိုကောင်းလို့ အလုံးထွားတယ်။ ဒါပေမယ့် သူက ကြက်သွန်ပျိုးထောင်ပြီးမှ အချိန်မတန်မိုးရွာသွန်းတတ်လို့ ပျိုးထောင် ပြီးမှ တစ်ခါတလေ စိုက်ပြီးတော့မှ ချောင်းရေကြီးသွားလို့တို့နဲ့ ဆုံးရှုံးရတတ်ပါတယ်။

 

ကုန်း ကြက်သွန် ၁ ဧကအတွက် ကုန်ကျစရိတ်အားလုံးကို (လုပ်ငန်းအားလုံး အငှား အငှားသဘောနဲ့ လုပ်မယ်လို့ယူဆပြီး) လေ့လာကြည့်တဲ့အခါ အောက်ပါဇယား အတိုင်း အကုန်အကျရှိတာ တွေ့ရပါတယ် –

 

mdn

 

၁ ဧက စုစုပေါင်း ၂၅၀ဝ၀ဝ၀ ကျပ် ကျပ်ဝန်းကျင် ကုန်ကျတာမို့ ကြက်သွန် ၁ ဧက အထွက် ၄၀ဝ၀ မှ ၅၀ဝ၀ ပိဿာအကြား ထွက်တယ်လို့ယူဆရင် ၁ ပိဿာ ၅၀ဝ ကျပ်ကျပ် ဝန်းကျင် လောက် ထုတ်လုပ်စရိတ်ရှိပါတယ်။

 

ဒါတောင် လူငှားများအား ကျွေးမွေးရသော စရိတ်၊ စက်ပစ္စည်းပြင်ဆင်စရိတ် များ မပါဝင်သေးပါ။ ယနေ့ ကြက်သွန်နီ လက်လီပေါက်ဈေး(နေပြည်တော်ဧရိယာ) မှာ ကြက်သွန်လုံး အကြီး/အသေးအလိုက် (၄၀ဝ ကျပ်မှ ၇၀ဝ ကျပ်) အတွင်းသာ ရှိပါတယ်။ ပျမ်းမျှ တစ်ပိဿာ ၆၀ဝ ကျပ် ရောင်းရသည်ဆိုဦးတော့ အမြတ်မှာ တစ်ပိဿာ ၁၀ဝ ကျပ် ကျပ်ဝန်းကျင်သာ ရှိနိုင်ပါတယ်။ ဆိုဒ်သေးကြက်သွန်တွေဆိုရင် သုံးပြည် ကျပ် ၁၀ဝ၀ နဲ့ ရောင်းနေကြပါတယ်။ တစ်ဧက ပျမ်းမျှ ကြက်သွန်အထွက်နှုန်း ၄၅၀ဝ ပိဿာဟု ထားဦး တစ်ဧက အမြတ်ငွေ ၄၅၀ဝ၀ဝ/- သာ ရှိပါတယ်။ စိုက်ပြီး လေးလကြာမှ ၄၅၀ဝ၀ဝ မြတ်လျှင် တစ်လ ၁၀ဝ၀ဝ၀/- သာသာ ဝင်ငွေရှိတဲ့သဘောပါပဲ။ (၁၀ ဧကလုပ်ရင် တစ်လ ၁၁ သိန်း ဝင်မှာလို့တော့ ပြောရခက်ပါတယ်။ ၁၀ ဧကအတွက် လုံးပန်းရတဲ့အလုပ်ကိစ္စဟာ မလွယ်လို့ပါ၊ ဥပမာ-အရင်းအနှီးရှိမှု၊ မရှိမှုနဲ့ ကျေးလက်မှာ လုပ်သားရှားပါးမှုမျိုးပေါ့)။ ဒါက သင်္ချာနည်းအရစဉ်းစားပြီး အမြတ်ငွေ ရှာဖွေကြည့်ခြင်း ဖြစ်ပါတယ်၊ မိုးလေဝသ မှန်ကန်ခြင်း၊ မမှန်ကန်ခြင်းအပေါ်မူတည်ပြီး အထွက်မှန်နိုင်သလို လျော့ပါးခြင်းလည်း ရှိနိုင်ပါသေးတယ်။ ကြက်သွန်တူးပြီး ကြာကြာထားနေရင်လည်း ခြောက်သွေ့လာပြီး အလေးချိန်လျော့တာလည်း ရှိနေပါသေးတယ်။

 

သို့သော် အထက်ပါဇယားတွင်ပါသည့် ကုန်ကျစရိတ်များထဲမှ အချို့ကုန်ကျစရိတ် များကို တောင်သူက သူပိုင်ပစ္စည်း၊ သူ့အိမ်ကလုပ်အားနဲ့ လုပ်ကြတာများလို့ စုစုပေါင်း လျော့လာနိုင်ပါတယ်။

 

မိရိုးဖလာ မျိုးစေ့ထိန်းသိမ်းနည်း

 

ဥပမာ မိမိပိုင်ကြက်သွန်မျိုးစေ့ကို အသုံးပြုခြင်းဖြစ်ပါက ကျပ် ၅၀ဝ၀ဝ၀/- ဝန်းကျင် သက်သာနိုင်ပါတယ်။ (ဤနေရာမှာ တောင်သူကို ကြက်သွန်မျိုးစေ့ ယူပုံယူနည်း နဲ့မျိုးစေ့ယူပြီးနောက် (နောက်နှစ်စိုက်ပျိုးသောအခါ မျိုးမဆွံ့စေရန်) မျိုးစေ့သိုလှောင်ပုံ သိုလှောင်နည်းကို လယ်သမားအား ကူညီဖြည့်ဆည်းပေးရန် လိုပါတယ်။ မျိုးမကောင်းလို့ မပေါက်တော့မှ ပြန်ပြီးပျိုးထောင်နေရလျှင် အထွက် နောက်ကျပြီး ဈေးကောင်း မရနိုင်တော့ပါ။ စိတ်ချရသောမိရိုးဖလာ မျိုးစေ့ထိန်းသိမ်း နည်းများရှိလျှင်လည်း မှတ်တမ်းပြုပြီး တောင်သူအများသိစေရန် ဖြန့်ဝေသင့်ပါတယ်)။

 

မိမိပိုင် ကျွဲ /နွား/စက်ထယ်ဖြင့် ထယ်ထိုး^ထွန်ယက်ခြင်းပြုရင်လည်း ကျပ်တစ်ဧက ကျပ် ၁၅၀ယဝ၀ဝ/- ဝန်းကျင် သက်သာနိုင်ပါတယ်။ ထိုနည်းတူ ကိုယ်ပိုင် ကျွဲချေး၊ နွားချေး၊ ဆိတ်ချေးတို့ အသုံးပြုလျှင် နှစ်သိန်းဝန်းကျင်လျော့နိုင်သလို သယ်ပို့ခလည်း ထိုနည်းတူ ကိုယ်ပိုင်ထော်လာဂျီ၊ နွားလှည်းအသုံးပြုလျှင် တစ်သိန်းဝန်းကျင် လျော့နိုင်ပါတယ်။

 

ဒီနေရာမှာ သတိပြုမိစရာကတော့ မွေးမြူရေးကိစ္စဟာ စိုက်ရေးပျိုးရေးကိစ္စများနဲ့ ထဲထဲဝင်ဝင် ဆက်စပ်နေတဲ့ အချက်ပါပဲ။ ကျေးလက်ပြည်သူတို့မှာ ကျွဲ၊ နွား၊ ဆိတ်များ ရေရှည်ပိုင်ဆိုင် ဖွံ့ဖြိုးနေစေဖို့ လိုနေသည် ဆိုသောအချက်ကို ထောက်ပြနေပါတယ်။ ဖွံ့ ဖြိုးဆဲနိုင်ငံများရဲ့ ကျေးလက်ဒေသများတွင် ကျွဲ၊ နွား၊ ဆိတ် တို့မှာ အဆိုပါ ကျေးလက် နေသူများအတွက် “စုဆောင်းငွေ”များပင် ဖြစ်ကြပါတယ်။ လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေးကိစ္စများ အရေးပေါ်လာလျှင် ထိုမွေးမြူထားသော တိရစ္ဆာန်များကို ရောင်းချကာ ဖြေရှင်းကြစမြဲ ဖြစ်ကြပါတယ်။ ထပ်မံပြောရရင် စိုက်ပျိုးရေးလုပ်ငန်းသည် မွေးမြူရေးလုပ်ငန်းနှင့် နီးနီးစပ်စပ်ချိတ်ဆက်နေတာကို တွေ့ရပါတယ်။

 

ဒီလိုဆက်နွှယ်မှုတွေရှိတာကြောင့် အင်္ဂလိပ်စကားလုံး Agriculture  ဟု ဆိုလျှင် ကျွန်တော်တို့မှာ “စိုက်ပျိုးရေး” ဟုသာ ဘာသာပြန်ဆိုနေကြသော်လည်း တကယ်တမ်းကတော့ Agriculture  ဆိုသော စကားလုံးဟာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သစ်တော ဟူသော အဓိပ္ပာယ်တို့ ပါဝင်ပတ်သက်နေပါတယ်။ တစ်ဆက်တည်း ကြုံတုန်းပြောရရင် Farmer ဆိုတဲ့ဝေါဟာရမှာလည်း လယ်သမား ဟူသောအဓိပ္ပာယ် ပြန်ဆိုမှုနဲ့သာ ရင်းနှီးကျွမ်းဝင်နေကြသော်လည်း တကယ်တမ်း ကတော့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သစ်တောလုပ်ငန်း လုပ်နေသူအားလုံး အကျုံးဝင် ပါတယ်။

 

တောင်သူဝင်ငွေတိုးသည့် မွေးမြူရေးလုပ်ငန်း

 

ကြက်သွန်စိုက်ပျိုးအကြောင်းကို ပြန်ကောက်ရသော် တောင်သူသည် မိမိပိုင် ပစ္စည်းတို့ အသုံးပြုနိုင်ပါက တစ်ဧကလျှင် ၁၀-သိန်းဝန်းကျင်ခန့် သက်သာသွားပါမယ်။ ပြောရလျှင် ကိုယ့်လုပ်အားခကိုယ်စား၊ ကိုယ့်ပစ္စည်း (မျိုးစေ့/နွားချေး) ကိုယ်ရောင်းရ သလိုဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်စေ ၁၀ သိန်း သက်သာသွားသော် မူလက တွက်ချက် ရရှိထားသော တစ်ပိဿာထွက်ရှိမှုအပေါ် အမြတ်ဖြစ်တဲ့ ၁၀ဝ နဲ့ ပေါင်းလျှင်၊ တစ်ပိဿာ ကျပ် ၃၅၀/-ကျပ်ဝန်းကျင် အမြတ်ဖြစ်လာနိုင်ပါတယ်။ ဆိုရင် တစ်ဧက ကြက်သွန်စိုက်ပျိုး ထုတ်လုပ် တစ်ရာသီမှာ ၁၃၅၀ဝ၀ဝ/- ကျန်နိုင်ပြီး တစ်လလျှင် ပျှမ်းမျှ ၃၅၀ဝ၀ဝ/-ကျပ် အမြတ်ကျန်နိုင်တဲ့ သဘောဖြစ်ပါတယ်။ ဒါဟာ ကျေးလက်ဒေသမှာ မွေးမြူရေးလုပ်ငန်းဟာ လယ်ယာကဏ္ဍဖွံ့ဖြိုးဖို့/တောင်သူဝင်ငွေတိုးဖို့ အတာ် အထောက်အကူပြုနေကြောင်း ထင်ရှားလှပါတယ်။

 

တောင်သူကို ကူညီပေးနိုင်တဲ့အပိုင်းအကြောင်း ဆက်လက်ပြီးတင်ပြရရင် စိုက်ပျိုးရေးလုပ်ကိုင်နေကြသော တောင်သူများ အဆင်ပြေစေရန်အတွက် စားသုံးသူ များဘက်ကလည်း ကူညီနိုင်ပါတယ်။ အခုလို ကြက်သွန် ပေါ်ချိန် မြန်မာနိုင်ငံရှိ ခန့်မှန်း မိသားစု ၁၀ သန်းရှိသည့်အနက် မိသားစု နှစ်သန်းက တစ်စု တစ်နှစ် အချိန် ၂၅ (၂၅-ပိဿာ) သာ ဝယ်ယူသိုလှောင်ထားမယ်ဆိုရင်တောင် ကြက်သွန်အချိန် သန်း ၅၀- (ပိဿာချိန်သန်း ၅၀) လောက် ဝယ်ယူမှုရှိနိုင်တယ်လို့ တွက်ချက်ရရှိပါတယ်။ Demand တိုးလာလို့ (အဝယ်လိုက်လာလို့) လက်ရှိပေါက်ဈေး တစ်ပိဿာ ၆၀ဝ- ခန့်ဝန်းကျင်မှ ၇၀ဝ-၈၀ဝ အထိ တိုးလာနိုင်ပါတယ်။ လယ်သမားဆီကို တစ်ပိဿာ ၅၀-၁၀ဝိ/- ပိုရစေနိုင်ပါတယ်။ ကုန်သည်ပွဲစားမှတစ်ဆင့် ရောင်းတာရှိသလို နယ်မြို့က ဈေးလေးတွေမှာ စိုက်ပျိုးသူတွေကိုယ်တိုင် လာရောက်ရောင်းချနေတာလည်း ရှိနေတာမို့ ကြက်သွန် စိုက်တောင်သူတွေ ငွေပိုရစေနိုင်တယ်လို့ ပြောတာပါ။

 

စိုက်ပျိုးမွေးမြူသူများ အဆင်ပြေပါမှ

 

ဘာကြောင့် လယ်သမားအတွက် ပိုရစေချင်ရတာလဲ။ အဖြေမှာရှင်းပါတယ်။ စိုက်ပျိုး၊ မွေးမြူရေး အခြေခံသောနိုင်ငံမှာ စိုက်ပျိုးမွေးမြူသောပုဂ္ဂိုလ်များ အဆင် ပြေစေလို၍ ဖြစ်ပါတယ်။ သူတို့လုပ်ကိုင် စားသောက်လို့အဆင်မပြေလျှင် သူတို့ လုပ်အားကို အခြားတစ်နေရာ (ဥပမာ-အိမ်နီးချင်းနိုင်ငံများ)သို့ သွားရောက်ရောင်းချ မည်မှာ မလွဲဖြစ်ပါတယ်။ ထိုအခါ ကျွန်တော်တို့ စားရေးသောက်ရေးအတွက် စိုက်ပျိုးရေးထွက်ကုန်များကိုပင် အခြားနိုင်ငံများက ဝယ်သွင်းရတော့မှာပါ။လွန်ခဲ့သော နှစ်နှစ်-သုံးနှစ်က ကြက်သွန် တစ်ပိဿာ၂၀ဝ၀-၃၀ဝ၀ ကျပ် ကျပ်ဖြစ်ခဲ့တော့ ကြက်သွန်များကို အိန္ဒိယ၊ တရုတ်တို့မှ ဝယ်သွင်းခဲ့ကြတာ မှတ်မိပါ သေးတယ်။ တင်သွင်းလာတဲ့ ကြက်သွန်များရဲ့ အရွယ်အစားမှာ ပန်းသီးအလုံးကြီး လောက်ရှိပါတယ်၊ သို့သော် မိမိတို့နိုင်ငံထွက် ကြက်သွန်လောက် စားမကောင်းလှပါဘူး။ တစ်ဖန် အခြားနိုင်ငံများဆီက ဘာပဲဝယ်ဝယ် ကိုယ့်ငွေဖြင့်ဝယ်သည်ဆိုခြင်းထက် ကိုယ့်သယံဇာတဖြင့်သာ လဲလှယ်ဝယ်ကြရမှာပါ။

 

ဖော်ပြပါအတိုင်း စားသုံးသူဘက်က ဝယ်ပေးခြင်းဖြင့်ကူညီပေးမှုဟာ အများ အကျိုးဆောင် ကိုယ့်အကျိုးအောင် ကိစ္စလုပ်လိုက်ခြင်းလည်း ဖြစ်ပါတယ်။ ဘာကြောင့် လဲဆိုတော့ ရာသီကုန်၍ ကြက်သွန်ဈေးတက်သော် မိမိမှာ ဈေးကြီးပေး၍ ဝယ်မစား ရတော့သောကြောင့် ဖြစ်ပါတယ်။ မိမိတို့နိုင်ငံထွက် ပစ္စည်းကိုလည်း စားသုံးရ၍ မိမိတို့နှစ်သက်ရာအရသာနှင့်လည်း ကိုက်ညီစေပါတယ်။ ဒေသတွင်းအစားအစာ ဦစားပေးစားသုံးခြင်းဟာ လောင်စာဆီ စတဲ့စွမ်းအင်ချွေတာရာလည်း ရောက်ပါတယ်။ကြက်သွန်တာရှည်အထားခံအောင် ဆောင်ရွက်ဖို့ အတွက်က လွယ်ပါတယ်။ သဘာဝ ပစ္စည်း (ဖျာ၊ ဆန်ကော၊ ဆန်ခါ၊ ကပ်ကြမ်း) ကို အိမ်၏ အစိုဓာတ်နည်းပါးသောနေရာ-ဥပမာ မီးဖိုချောင်စင်တွင်ထားရှိပြီး ယင်းဖျာ(ဆန်၊ ဆန်ကော၊ ဆန်ခါ) ပေါ်တွင် ထားရုံသာ ဖြစ်ပါသည်။ အခါအားလျော်စွာ ရှုံ့တွလာသောကြက်သွန်များကို ဖယ်ရှားခြင်း၊ ယင်းကြက်သွန် များကို ဦးစားပေးစားသုံးခြင်း ပြုလုပ်ပေးဖို့ပဲ လိုပါတယ်။

 

မိမိနိုင်ငံထွက်ပစ္စည်း ဦးစားပေးဖို့

 

ဒီဆောင်းပါးမှာ ကြက်သွန်စိုက်တောင်သူများ ချောင်ချိစေဖို့အတွက် ရေးပေးနေ တယ်လို့ မထင်စေလိုပါ၊ ကျန်သီးနှံစိုက်ပျိုးသူများအတွက်ရော စားသုံးသူတွေဘက်က ကူညီပေးနိုင်တာကို ကူညီပေးဖို့၊ မိမိတို့ နိုင်ငံထွက်ပစ္စည်းကို ဦးစားပေးစားသုံးတတ်ကြဖို့ တင်ပြနေခြင်းသာ ဖြစ်ပါတယ်။ အိမ်နီးချင်း ထိုင်းနိုင်ငံဟာ Philosophy of Sufficiency Economy နဲ့အညီ ကျင့်သုံးနေထိုင်ပြီး သူတို့မှာရှိတဲ့ပစ္စည်းကို ဦးစားပေး စားသုံးနေထိုင်ဖို့ ဆောင်ရွက်နေရင်း စီးပွားရေးအလွန်ကောင်းမွန်သွားခဲ့တာ အားလုံးအသိပါပဲ။ သူတို့ထွက်ကုန်၊ အစားအသောက်ဟာ အခုဆို နိုင်ငံတွင်း သာမက ကမ္ဘာနဲ့အဝန်းဆိုသလို တွေ့နေရပါပြီ။

 

နိဂုံးအနေနဲ့ ကမ္ဘာရွာဖြစ်စဉ်နဲ့အတူ ပေါ်ပေါက်လာနေတဲ့ ယဉ်ကျေးမှု၊ လူမှု-စီးပွားရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးတို့ကလည်း လျင်မြန်စွာပြောင်းလဲနေပြီး ယင်းပြောင်းလဲခြင်းများမှတစ်ဆင့် ထပ်ဆင့်ဖြစ်လာ နေတဲ့ မမျှော်လင့်သောစိန်ခေါ်မှု အမျိုးမျိုးတို့ကို ပြည်သူများ အတူတကွဖြေရှင်းနိုင်သော အလေ့အကျင့် ပေါ်ပေါက်လာ စေဖို့ အချင်းချင်းကူညီနိုင်သမျှ ကူညီကြရန်ဖြစ်ကြောင်း ရေးသားလိုက်ရပါတယ်။