ရန်ကုန် ၁၉ မေ
ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာတွင် အသုံးပြုရန်အတွက် အထောက်အကူပစ္စည်းများနှင့် ရုပ်ရှင်ရိုက်ကူးရေးသုံးပစ္စည်းများ ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေတောင်ကြားလမ်း ရုပ်ရှင်အနုပညာရပ်ဝန်းရှိ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ၌ ကျင်းပသည်။
အခမ်းအနားတွင် ကိုရီးယားနိုင်ငံ FORMER MWTV မှ Chief Director ဦးအောင်တင်ထွန်းက သင်ထောက်ကူပစ္စည်းအဖြစ် Laptop Computer (၅)လုံးကို လည်းကောင်း၊ မြတ်ပန်းတော်ဝင်ရုပ်ရှင်နှင့် ဗီဒီယိုထုတ်လုပ်ရေးက ရုပ်ရှင်ဇာတ်ဝင်ခန်း သုံး ပစ္စည်းများကိုလည်းကောင်း၊မြဇော်ဖလင်က အဖြူအမဲ ရုပ်ရှင်ဇာတ်ကားများ ဖြစ်သော “ဂျပု” ရုပ်ရှင်ဇာတ်ကားနှင့် “ဝိုင်းကြီးပတ်ပတ်ဒူဝေဝ” ရုပ်ရှင်ဇာတ်ကားတို့ကို လည်းကောင်း ပေးအပ်လှူဒါန်းကြရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်သည်။
အဆိုပါရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးစင်တာ(Film Development Centre-FDC)ကို ၂၀၁၈ ခုနှစ် ဇူလိုင် (၂၁) ရက်က ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်းအတွင်း စတင်ဖွင့်လှစ်ခဲ့ရာ ယခုအခါ ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ သင်တန်းဖွင့်လှစ်မှုများ၊ ဆွေးနွေးပွဲကျင်းပမှုများ အပတ်စဉ်ပြုလုပ်လျက်ရှိသည်။
ယင်းနေရာတွင် ပြုလုပ်သည့် သင်တန်းများအတွက် လိုအပ်သော သင်ထောက်ကူပစ္စည်းများ၊ စာကြည့်တိုက်(Library)အတွက် စာအုပ်၊ စာပေနှင့် CD များ၊ ရုပ်ရှင် ပြတိုက်ဖွင့်လှစ်နိုင်ရန်အတွက် ဖလင်များနှင့် ဆက်စပ်ပစ္စည်းများအပြင် ၎င်းတွင် ပြင်ဆင်မွမ်းမံဖွင့်လှစ်ထားသည့် စတူဒီယိုများတွင် အသုံးပြုရန် ရုပ်ရှင်ရိုက် ကူးရေး အသုံးအဆောင်များနှင့် အထောက်အကူပစ္စည်းများကိုလည်း ဆက်သွယ် လှူဒါန်းမှုများ ပြုလုပ်လျက်ရှိကြရာ တာဝန်ရှိသူများက စာရင်းသွင်းလက်ခံရယူပြီး စနစ်တကျ စီစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(သတင်းစဉ်)