၂၀ မေ

အပူပိုင်းဒေသရှိ  မြို့တစ်မြို့တွင်  လမ်းချဲ့ရန်အတွက်  လမ်းဘေးဝဲယာရှိ မလွတ်သည့် သစ်ပင်များကို ခုတ်လှဲရန် စီစဉ်ခြင်းနှင့် ဒေသခံပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများက ကန့်ကွက်ခြင်းကြောင့် ညှိနှိုင်းမှုပြုလုပ်ကာ သစ်ပင်အများစုကို  ခုတ်လှဲခြင်းမပြုလုပ်တော့ရန်  သဘောတူညီမှုရခဲ့ကြောင်း  သတင်းတစ်ပုဒ်ကို  မီဒီယာများပေါ်တွင်  တွေ့ရှိဖတ်ရှုရသည်။ အများစုကို  ခုတ်လှဲခြင်းမပြုတော့ဟုဆိုသည့်တိုင်  အနည်းစုအချို့ကို ခုတ်ဦးမည့်အခြေအနေရှိနေ၊    အလားအလာတို့ကျန်နေသေးသည်ဟုလည်း သိရှိရသည်။

အလားတူ      သတင်းမျိုးသည့်မတိုင်မီကလည်း    အခြားမြို့ကြီး တစ်မြို့တွင် ဖြစ်ပေါ်ခဲ့ဖူးသည်ကို ပြန်လည်အမှတ်ရမိသည်။ ယုတ်စွအဆုံး ရန်ကုန်ကဲ့သို့သော    မြန်မာနိုင်ငံတွင်    အကြီးဆုံးနှင့်    ခေတ်အမီဆုံးဟု ဆိုရမည့်  မြို့ကြီးမှာပင်            သစ်ပင်များခုတ်လှဲခံနေရဆဲဖြစ်သည်ကို တွေ့ရသည်။  သစ်ပင်များရှိနေခြင်း၏  အကျိုးကျေးဇူးနှင့်  သစ်ပင်တို့၏ တန်ဖိုးများကို ပြည်သူလူထုက  သဘောပေါက်နားလည်လာကြချိန်တွင်     တာဝန်ရှိအဖွဲ့အစည်း၊      လုပ်ငန်းဌာနတို့      အနေဖြင့်      သစ်ပင်များကို လွယ်လွယ်ကူကူ    ခုတ်ထွင်ရှင်းလင်းဖယ်ရှားမှုများ    ပြုလုပ်မည့်အစား နည်းလမ်းများ ရှာကြံကြရန် လိုအပ်လာပြီဟူ၍လည်း ရှုမြင်မိသည်။

ခေတ်မီတိုက်တာအဆောက်အအုံများ၊ ကွန်ကရစ်ပလက်ဖောင်းများ ကွန်ကရစ် သို့မဟုတ် ကတ္တရာခင်း  လမ်းကျယ်၊ လမ်းသွယ်များစသည်ဖြင့် မြို့ ပြဖွံ့ဖြိုးမှုများကို ဆောင်ရွက်ရာတွင် အရိပ်ရပင်နှင့် သီးပင်၊ ပန်းပင် များ၊ မြက်ခင်းများ၊ ရေကန်များ၊ တူးမြောင်းများစသည့် စိမ်းလန်းစိုပြည်သည့်      ရပ်ဝန်းများလည်း    မရှိမဖြစ်ပါဝင်နေရမည်ဖြစ်သည်။    အသစ်တည်ဆောက်မည့်မြို့ကွက်သစ်၊ ရွာကွက်သစ်များတွင် လမ်းနယ်၊ လူသွား စင်္ကြံ၊  ရေနုတ်မြောင်း၊ မြေပေါ်မြေအောက်လျှပ်စစ်ကြိုးများ၊ အင်တာနက်ကြိုး၊ ဖုန်းကြိုးများ၊ ရေပိုက်လိုင်းများစသည်တို့ကို စနစ်တကျ အကွက်ချ တည်ဆောက်ခြင်းအားဖြင့်  လမ်းချဲ့ ၍၊  ရေမြောင်းတူး၍၊  ဓာတ်ကြိုး၊ ဖုန်းကြိုးနှင့် မလွတ်၍ စသည့်စသည့် အကြောင်းများကြောင့် သစ်ပင်များ ခုတ်လှဲရခြင်း၊  သစ်ကိုင်းများခုတ်ထွင်ရခြင်း  ဒုက္ခတို့ကင်းဝေးနိုင်သည်။ စိုက်သည့်ဌာနက စိုက်၍ ခုတ်သည့် ဌာနကခုတ်ပြီး လာသိမ်းသူမရှိသည့် အဖြစ်မျိုးမှလည်း ကင်းဝေးနိုင်သည်။

ကွန်ကရစ်တော ကဲ့သို့သော ခေတ်မီမြို့ ပြများတွင် သစ်ပင်သစ်တော တစ်အုပ်တစ်မတို့  တည်ရှိခြင်းကြောင့်  အကျိုးသက်ရောက်မှုများစွာ ရှိသည်။ မြက်များ ဖုံးလွှမ်းနေသည့်နေရာတွင် မိုးတစ်နာရီရွာပါက ရေစုပ် ယူမှု ၄ ဒသမ ၄ လက်မရှိပြီး သစ်တောဖုံးလွှမ်းသည့် နေရာတွင် မိုးတစ်နာရီ ရွာပါက ရေစုပ်ယူမှု ၁၂ ဒသမ ၄ လက်မထိရှိကြောင်း သုတေသနပြုမှု များကပြဆိုသည်။  

မြေပြင်အားလုံးကို ကွန်ကရစ် တိုက်တာအဆောက်အအုံ၊ လမ်း၊ ပလက်ဖောင်းများ ဖုံးလွှမ်းထားခြင်းဖြင့် မြေအောက်ရေဖြည့်တင်း နိုင်ခြင်းမရှိတော့သည့် အခြေအနေသို့ ရောက်ရှိသွားမည်ဖြစ်သည်။  အရိပ်ချင်းဆက်ကာ တစ်အုပ်တစ်မ တည်ရှိသော သစ်ပင်များက စိမ်းစိုသော မျက်စိပသာဒကို  ပေးနိုင်သည့်အပြင်  ရွာချသော  မိုးရေကို  စုပ်ယူပြီး ပင်စည်အကိုင်းအခက်များမှ  ပင်ငွေ့ပျံခြင်း (Evapotranspiration) ဖြစ်စဉ်ကြောင့် ပတ်ဝန်းကျင်နှင့် လေထုသို့ ရေငွေ့များရောက်ရှိ အေးမြစေသည်။  သို့ဖြစ်ခြင်းကြောင့်လည်း  အပူပိုင်းဒေသမှ  ဒေသခံ ပြည်သူတို့ သစ်ပင်ကို ချစ်ခင်တန်ဖိုးထားကြခြင်းလည်း ဖြစ်သည်။

သစ်ပင်များကိုခုတ်ပြီးလျှင်        ပြန်စိုက်၍ရသည်ဟု          အချို့က ဆင်ခြေပေးကြသော်လည်း မူလသစ်ပင်၏ သက်တမ်းအနှစ် ၂၀၊ နှစ် ၃၀၊ နှစ်  ၄၀၊  နှစ်  ၅၀  စသည်တို့ကိုမူ  ပြန်မရနိုင်တော့။  နောက်ထပ်ယင်းနှင့် အမျှသောသက်တမ်းကို  ပြန်စောင့်မှသာ  မူလအရွယ်ကို  ပြန်ရနိုင်မည် ဖြစ်သည်။      သို့ဖြစ်သည့်အတွက်မူလသစ်ပင်များကို          ခုတ်မပစ်ဘဲ စက်ယန္တရားအကူအညီ၊  နည်းပညာအကူအညီတို့ဖြင့်  ရွှေ့ပြောင်း စိုက်ပျိုးကြရန်  အကြံပြုလိုသည်။  မိမိတို့နိုင်ငံမှ  ညောင်ပင်၊  ပိန္နဲပင်များ အပါအဝင် သစ်ပင်ကြီးများ ရာပေါင်းများစွာကို ၂၂ ဘီးကားကြီးများဖြင့် သယ်ယူကာအိမ်နီးချင်းနိုင်ငံကြီး၏  နယ်စပ်မြို့တွင်  စိမ်းစိုလှပရှင်သန်အောင်  စိုက်ပျိုးထားသည်ကို  နမူနာယူလေ့လာနိုင်ပါကြောင်းနှင့်  သစ်ပင်ကြီးများကို ထင်းအဖြစ် ခုတ်ထွင်ပစ်မည့်အစား ရွှေ့ပြောင်းစိုက်ပျိုးခြင်းအားဖြင့် မိမိမြို့ ပြဒေသသို့အလှဆင်နိုင်ပါစေကြောင်း။           ။

မြန်မာ့အလင်း