၂၀ မေ
ရှေးသရောအခါကာလက နိုင်ငံခြားသားများ ဤကဲ့သို့တအံ့တဩ ရင်သပ်ရှုမောမြင်ရသည့် မန္တလေးမြို့မြင်ကွင်းကို ကြည့်ရှုခံစားရသောနေရာသည် နောင်သောအခါ ၂၆ဘီလမ်းမကြီးဟု ခေါ်တွင်ရမည့် မြေလမ်းမလေးပေါ်မှာပဲ ဖြစ်ပေလိမ့်မည်။ ဤမြေလမ်းသည်အရှေ့သို့ ဖြောင့်စင်းစွာ တိုးဝင်သွားပုံက ဟိုအဝေး ရှမ်းရိုးမညိုညိုအထိ ရောက်လေမလား အောက်မေ့ရ၏။ သို့သော် ထိုမြေသားလမ်းမသည် ကျုံးတော်မှ အရှေ့ဆီတွင်မူ မာန်အောင်ရတနာကျောင်းတိုက်ကြီး အဝင်ဝတွင် ဦးစိုက်ငုပ်လျှိုးသွားလေသည်။
အေ၊ ဘီ၊ စီ၊ ဒီ၊
ကျုံးတော်ကြီးမှ အနောက်ဘက်ဆီ မျှော်ကြည့်လျှင်မူ ဖြောင့်စင်းသောလမ်းမကြီးသည် တစ်မျှော် တစ်ခေါ်ကြီး ဆင်းသက်သွားပြီးနောက် ဧရာဝတီမြစ်ကမ်းမှ မြေတာရိုးမြင့်ကြီးတွင် အဆုံးသတ်၏။
လေးထောင့်စပ်စပ် မြို့ပန္နက်ပုံရှိသော မန္တလေးတွင်အရှေ့အနောက် ဖြောင့်စင်းသော လမ်းမကြီးများရှိ၏။ ထိုလမ်းမကြီးများကို ၁၈၈၇ ခုနှစ်တွင် ဖွဲ့စည်းသော မြူနီစီပယ်အဖွဲ့မှ ကျောက်လမ်းများ စတင်ခင်းသည်။ မြို့တွင်းလမ်းများအပါအဝင် လမ်းမိုင်၆၀ကို စတင်ကာ ကျောက်လမ်းခင်းခြင်းဖြစ်သည်။ ထို့နောက် အရှေ့အနောက် ဖြောင့်စင်းသော လမ်းမကြီးများအနက်ဂေါဝိန်ဆိပ်ကမ်းဆီမှ အရှေ့ အောင်ပင်လယ်ကန်ပေါင်ရိုးအထိ ပေါက်သောလမ်းကို အေလမ်း တွင်စေသည်။ ပိုက်ကျုံးဆိပ်မှ အရှေ့မာန်အောင်တိုက်ဆီပေါက်သောလမ်းကို ဘီလမ်း...။ ကျွဲစွန်းသစ်ဆိပ်မှရွှေမြို့တော်ကြီး၏ အာဠဝီကြေးမုံ တံခါးဆီပေါက်သော လမ်းကို စီလမ်းဟု သမုတ်လေသည်။ နောင်အခါ မြို့တွင်းလမ်းများကို လမ်းနံပါတ်များ သတ်မှတ်သောအခါ အေလမ်းသည် ၃၅ လမ်း။ ဘီလမ်းသည် ၂၆လမ်း။ စီလမ်းသည် ၂၂လမ်း။ ဒီလမ်းသည် ၁၉လမ်း ဖြစ်လေသည်။
အရှေ့ဆီသို့
၂၆ဘီလမ်းမသည် ဖြောင့်စင်းလွန်းလှသည်။ အနောက်ဘက် ပိုက်ကျုံးမြေတာရိုးကြီးပေါ်မှ ကြည့်လျှင် ကျင်တွယ်ကိုက် ရေးဆွဲထားသော မျဉ်းဖြောင့် တစ်ကြောင်းပမာ အရှေ့ဆီ ဦးတည်သည်။ ဘီလမ်းမပေါ်မှာသင်္ဂဇာချောင်းရှိသည်။ ဈေးချိုတော်ရှိသည်။ ကာတစ်တိုက်ရှိသည်။ ကြေးနန်းရုံးရှိသည်။ ဓာတ်စက်ရုံရှိသည်။ တောင်ဘက်ကျုံးနှင့် မြို့ရိုးကြီးရှိသည်။ ရေအိုးစင်ဂိတ်ရှိသည်။
အင်္ဂလိပ်နယ်ချဲ့က မြန်မာပြည်ကို အဓမ္မသိမ်းပိုက်ထားသော အချိန်ကာလများတွင် ၂၆ ဘီလမ်းမသည် နယ်ချဲ့ဆန့်ကျင်ရေးသမိုင်းကို ရဲရဲဝံ့ဝံ့ ရေးခြယ်ပြ သွားသေး၏။ ၁၃၀ဝ ပြည့် တပို့တွဲလဆုတ် ၇ ရက်၊ ၁၉၃၉ ခု ဖေဖော်ဝါရီလ ၁၀ ရက်နေ့ဖြစ်၏။ နယ်ချဲ့၏ မတရားဖိနှိပ်မှုကို မခံနိုင်လွန်းသော မန္တလေးမြို့ လူထုသည် နာမည်ကျော် အိမ်တော်ရာ ၁၄ခန်းဇရပ်ကြီးထဲတွင် စုရုံးပြီးသကာလ ၂၆ (ဘီ) လမ်းအတိုင်း အရှေ့ဆီသို့ စုဝေးချီတက်၏။ ရှေ့ဆုံးမှ အလံကိုင် ဦးဇာဂရ ကိုယ်တော်နှင့်အဖွဲ့သည် အရှေ့ကြေးနန်းရုံးသို့ ရောက်နေချိန်တွင် ၁၄ ခန်း ဇရပ်ကြီးမှ လူမကုန်သေးဟု သိရ၏။ ထိုအချိန်က ကြေးနန်းရုံးရှေ့မှ အင်္ဂလိပ်အရေးပိုင် H.N Lett က ရှပ်ဖြူလက်တို၊ ကာကီဘောင်းဘီတိုနှင့် ဂေါ်ရာဦးထုပ်ဆောင်းကာ ခါးပတ်မှာ ခြောက်လုံးပြူး အဆင်သင့်ထိုးပြီး စောင့်နေပြီ။ ထို့အတူ အရေးပိုင် ဒေးဗစ် လည်းရှိ၏။ Go back home, Go back home.... ဟုအရေးပိုင်က ဟန့်တားသည်။ သံဃာတော်များက We are armless ဟု ပြန်အော်၏။ ဤသို့ဖြင့် ... ။
အာဇာနည်လမ်း
မန္တလေးသည် ၂၆(ဘီ)လမ်းအား ‘အာဇာနည်လမ်း’ ဟု ကမ္ပည်းတင်လိုက်ကြလေတော့သည်။ ထိုကာလ (၁၉၃၉၊ ဖေဖော်ဝါရီလ ၁၀ရက်) အချိန်တွင် ကြေးနန်းရုံးနှင့်မျက်နှာချင်းဆိုင် ၂၆ဘီလမ်းမ၏ တောင်ဘက်တန်းတွင် အယ်လ် ဖင်စတုန်း ဓာတ်ရှင်ရုံရှိသည်။ ထိုရုပ်ရှင်ရုံ၌ မောင်တင်မောင် မေရှင်ပါဝင်သည့် မြားနတ်မောင်ဓာတ်ရှင်ပြနေသည်။ ယခုတော့ အယ်လ်ဖင်စတုန်း ရုပ်ရှင်ရုံမရှိတော့ ...။ ထိုနေရာတွင် ဆိုင်ခန်းများ အစီအရီ ...၊ လမ်းဘေး ပလက်ဖောင်းဆီအထိ အရောင်အသွေးစုံ အင်္ကျီများ ချိတ်ဆွဲထားကာ ဈေးဝယ်သူများကို ဆွဲဆောင်နေ၏။ ကြေးနန်းရုံးနေရာတွင် အော်တိုဖုန်းစက်ခလုတ်ရုံးကြီးရှိနေပြီ။ မြင့်မားလှသော ဆယ်လူလာတယ်လီဖုန်း မျှော်စင်ကြီးကလည်း ထိုးထိုး ထောင်ထောင်..။ ကြေးနန်းရုံး ဘက်တန်းမှာ မြင့်မားသည့် စတိုးဆိုင်ကြီးတွေရှိသည်။ အလူမီနီယမ်ကောင်တာ ...။ စတစ်ကာ ပလတ်စတစ် ဆိုင်းဘုတ်များက ပြိုးပြိုးပြက်ပြက်...။
သမိုင်း သိခြင်း၊ မသိခြင်း
ထို့ကြောင့် ၂၆ဘီလမ်း၏ လမ်း၈၀နှင့် ၈၁လမ်းကြား။ (ယခင် အယ်လ်ဖင်စတုန်း ဓာတ်ရှင်ရုံနှင့် ကြေးနန်းရုံးကြား) နေရာတွင် ခမ်းနားလှသော ဆိုင်ခန်း၊ ဈေးတန်း၊ စတိုးဆိုင်ကြီးများက မှိုလိုပေါက်လာသည်။ ကားတွေဆိုင်ကယ်တွေနှင့် အသွားအလာ ကျပ်တည်း ရှုပ်ထွေး နေသည့် မီးပွိုင့်အကွေ့ ကားမရပ်ရနေရာတွင် မရမက ရပ်ပြီး ကားကလေးပေါ်မှ ဆင်းလာသည့် ခါးရှည်အင်္ကျီအပွနှင့် အပွအကား ဒီဇိုင်းစကပ်ဝတ် မိန်းမငယ်လေးသည် ၂၆ဘီလမ်းကို တောင်ဘက် မြောက်ဘက်ကူးကာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဈေးဝယ်ထွက်နေ၏။ သူဖြတ်ကူးသော နိုင်လွန်ကတ္တရာလမ်း ပြောင်နက်နက်ပေါ်တွင် လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်ကာလ ယခုလို လွတ်လပ်သော နိုင်ငံတော်အတွက် တောင်ထီးလင်းတိုက်က ဆရာတော် ဦးပဏ္ဍိတ၊ ဂွေးချိုတိုက် ဦးပညာဇောတ၊ တူမောင်းတိုက် ဦးဝေပုလ္လ၊ စကုတိုက် ဦးဇနိတ၊ ငွေတောင်တိုက် ဦးအာလောကတို နယ်ချဲ့လက်ချက်ဖြင့် သွေးမြေကျခဲ့ဖူးတာ မသိ။ သို့သော် ဒီကနေ့ သူတို့အရွယ်လေးတွေ အများစုက သမိုင်း သိခြင်း၊ မသိခြင်းက ကိစ္စမရှိ။
ရွှေထီးတိုက်
၂၆ဘီလမ်းမ၏ ၈၁/၈၂ လမ်းကြားမှာ အရင်က နေအိမ်သီးသန့်များချည်း။ အခုလို ဆိုင်ခန်းများမရှိ...။ အခုတော့ အိမ်ပေါက်စေ့ ဆိုင်ခန်း...။ ထို့ပြင် မူလ အိမ်ရှင်များလည်း မဟုတ်။ မူလရွာနေ ပြည်ထိုင်အဖြစ် မှတ်မိတာက မြောက်ဘက်တန်းမှ ‘ရွှေထီးတိုက်’ ဟုကမ္ပည်းထိုးထားသည့် တစ်ထပ်တိုက်လေးဖြစ်သည်။ သည်တိုက်လေးက ဦးဘအို၊ ဒေါ်ခင်မျိုးတို့တိုက်ဖြစ်၏။ သမီးများက ဒေါ်မမ၊ ဒေါ်တင်လှ၊ ဒေါ်သန်းရင်တို့ ဖြစ်သည်။ ၁၃၀ဝပြည့် အာဇာနည် အရေးတော်ပုံကာလက သူမတို့သည် အသက် ၁၀ နှစ်ပတ်ဝန်းကျင် အရွယ်မို့မြင်ကွင်းအားလုံး မှတ်မိနေသည် ဆိုသည်။ ထိုအချိန်က ဒေါ်မမသည် ‘မမ’ ဟူသော ဆယ်ကျော်သက် ကလေးမလေးပေမယ့် နန်းရှေ့လူအုပ်နှင့်အတူ ပါဝင်ခဲ့သည်တဲ့။
အတိတ်ရောင်စုံပုံရိပ်
ထိုကာလကလည်း ၂၆ဘီလမ်းမှာ မြန်မာအိမ်သိပ်မရှိ။ နိုင်ငံခြားသား အိမ်များချည်းမို့ အားလုံး တံခါးပိတ်ထားကြသည်။ ‘ရွှေထီးတိုက်’ က တံခါးဖွင့်ပြီး တိုက်ရှေ့ရေအိုးစင်တည်ထားသည်။ အင်္ဂလိပ်စစ်တပ်က ပစ်ခတ်လို့ ရုန်းရင်းဆန်ခတ်ဖြစ်တော့ ရွှေထီးတိုက်ပေါ် ဝင်ပြေးလာသူတွေ အပြည့်တဲ့...။ သို့သော် ကြောက်လန့်ပိတ်ထားသော နိုင်ငံခြားသားပိုင် တိုက်များလည်း ဤသို့ရက်ရက်စက်စက် နှိပ်ကွပ်မှုကို မြင်ရတော့ နယ်ချဲ့မုန်းသူချည်းမို့ တိုက်တံခါးဖွင့်ကာ အကူအညီပေးခဲ့ကြသည်။
လွန်ခဲ့သော နှစ်ပေါင်း ၈၀ ကျော်ကာလက အရိပ်များသည်ကား မှုန်ဝါးဝေးလွင့်သွား...။ အခုတော့ဘီလမ်းမ၏ ဖန်သားပြင်ပေါ်က အတိတ်ရောင်စုံပုံရိပ်များကား မထင်မရှား ခပ်ဝါးဝါး......။ အာဇာနည်လမ်း ကမ္ပည်းမော်ကွန်းလည်း ပျောက်ဆုံးသွား....။
ဆူးငှက်