မိတ္ထီလာ  ၂၀  မေ

 

မောင်းသူမဲ့လေယာဉ် (Drone) ပျံသန်းခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက မိတ္ထီလာမြို့ရှိ မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ကျင်းပကြောင်း သိရသည်။

 

သင်တန်းတွင် မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာ ကျော်မိုးခိုင်က အမှာစကားပြောကြားပြီး  ဒေါက်တာသဲမောင်မောင်က သင်တန်းတွင် ပို့ချမည့်သင်ခန်းစာများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

သင်တန်းမှာ မောင်းသူမဲ့လေယာဉ် ပျံသန်းခြင်း၊ မောင်းသူမဲ့လေယာဉ်ဖြင့် ကောင်းကင်ဓာတ်ပုံ ရိုက်ကူးထုတ်ယူခြင်း၊    ငါးလုပ်ငန်းဦးစီးဌာန၏ မွေးမြူရေးလုပ်ငန်းများအား သဘာဝဘေးအန္တရာယ်မှ ကြိုတင်ခန့်မှန်း ကာကွယ်နိုင်ရေး သင်ခန်းစာတွေကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ လေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မောင်းသူမဲ့လေယာဉ် သုတေသနဌာန  ပါမောက္ခ (ဌာနမှူး) ဒေါက်တာသဲမောင်မောင် က ပြောသည်။

 

အဆိုပါ သင်တန်းကို ကုလသမဂ္ဂ စိုက်ပျိုးရေးနှင့် စားနပ်ရိက္ခာအဖွဲ့ (UNFAO)မှ  သင်တန်းဖွင့်လှစ်နိုင်ရန် ပံ့ပိုးကူညီခြင်းဖြစ်ပြီး မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ် မောင်းသူမဲ့လေယာဉ် သုတေသနဌာန က ဆရာဆရာမတွေက သင်တန်းပို့ချပေးတာ ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ သင်တန်းမှာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ငါးလုပ်ငန်းဦးစီးဌာန ဝန်ထမ်းတွေကို မောင်းသူမဲ့လေယာဉ်  (Drone) ပျံသန်းခြင်းဆိုင်ရာ သင်တန်းပေးခြင်းဖြစ်ကာ သင်တန်းသား သင်တန်းသူ ၁၀ ဦး တက်ရောက်သင်လျက်ရှိပြီး သင်တန်းကာလမှာ မေ ၂၀ မှ မေ ၂၇ အထိ ဖြစ်ကြောင်း သိရသည်။

 


ချမ်းသာ (မိတ္ထီလာ)