ညောင်ဦး ၂၀ မေ
ပူပြင်းခြောက်သွေ့သော နွေရာသီကာလများတွင် မန္တလေးတိုင်းဒေသကြီး ၊ ညောင်ဦးမြို့နယ်အတွင်းရှိ ဒေသခံကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ကြုံတွေ့နေရကြောင်း သိရသဖြင့် ပုဂံမြို့၊ ရတနာဘုံစံ တောရကျောင်းဆရာတော် အရှင်သာဂရ ဦးစီးတည်ထောင်ထားသည့် ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းက သုမင်္ဂလာ ပရဟိတရေလှူအသင်းနှင့် ပူးပေါင်း၍ ကျေးလက်နေပြည်သူများ သောက်သုံးရေ ဖူလုံစွာသုံးစွဲနိုင်ရေး ရေသယ်ယာဉ်များဖြင့် သောက်သုံးရေများ စဉ်ဆက်မပြတ် ဖြန့်ဝေလှူဒါန်းပေးနေကြောင်း ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာပရဟိတရေလှူအသင်းမှ အသင်းဝင်တစ်ဦးဖြစ်သူ ဦးဇော်ပွေးထံမှ သိရသည်။

နွေရာသီကာလ သောက်သုံးရေအခက်ကြုံနေသည့် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာသုံးစွဲနိုင်ရေးအတွက် ရေသယ်ယာဉ်များဖြင့် ဖြန့်ဝေလှူဒါန်းပေးခြင်းကို ယနေ့နံနက်ပိုင်းက ညောင်ဦးမြို့နယ် မြင်းကပါကျေးရွာ ဖြူစင်မေတ္တာ ပရဟိတရေလှူအသင်းက ညောင်ဦးမြို့နယ် ငါ့ပိုင်တဲတိုက်ရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ ၊ ကြို့ပင်သာကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ ၊ ရွာလုကျေးရွာရှိ ဒေသခံပြည်သူများအတွက် ရေဂါလန် ၂၇၀ဝ ၊ စုစုပေါင်း ရေဂါလန် ၈၁၀ဝ အား ကျေးရွာနေပြည်သူများ နွေရာသီကာလ သောက်သုံးရေ အဆင်ပြေစွာ သုံးစွဲနိုင်ရန်အတွက် အိမ်ထောင်စုအလိုက် စနစ်တကျ ခွဲဝေလှူဒါန်းပေးခဲ့ကြောင်း သိရပြီး၊ ယခုလို သောက်သုံးရေ အခက်ကြုံတွေ့နေသည့် ကျေးလက်နေပြည်သူများအား သောက်သုံးရေများ လှူဒါန်းပေးနိုင်ရန် အတွက် ပဲခူးတိုင်းဒေသကြီး ၊ တောင်ငူမြို့ သင်္ဘောဦးကျောင်းတိုက်မှ စာချဆရာတော် ဦးပုညဝရ ဦးစီးတည်ထောင် ထားသည့် ပါရမီပုညရှင် ပရဟိတအသင်းက အလှူငွေကျပ် ၁၀၅၀ဝ၀ဝ လာရောက် ထောက်ပံ့လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

ယခုနှစ်တွင် ညောင်ဦးမြို့နယ်၌ ရာသီဥတု အပူချိန်မြင့်တက်လာမှုကြောင့် မြို့နယ်အတွင်းရှိ ကျေးရွာများ၌ ကျေးလက်နေပြည်သူများ သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရပြီး ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ပရဟိတလှူမှုကူညီရေးအသင်းအဖွဲ့များနှင့် ဌာနဆိုင်ရာ အဖွဲ့အစည်းများက ရေသယ်ယာဉ်များဖြင့် စဉ်ဆက်မပြတ် ကွင်းဆင်းလှူဒါန်းပေးနေကြောင်း ညောင်ဦးမြို့နယ် ရွာလု ကျေးရွာရှိ ဒေသခံပြည်သူများထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)