နေပြည်တော် ၂၀ မေ
မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့ မွန်းလွဲ ၂ နာရီ ထုတ်ပြန်ချက်အရ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပါသည်။
နေ့အပူချိန်များမှာ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ မကွေးတိုင်းဒေသကြီးနှင့် ရှမ်းပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၇) ဒီဂရီစင်တီဂရိတ်မှ (၈)ဒီဂရီစင်တီဂရိတ်အထိ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၅)ဒီဂရီစင်တီဂရိတ် မှ (၆)ဒီဂရီစင်တီဂရိတ်အထိနှင့် ရန်ကုန်တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် မေလ၏ ပုံမှန်အပူချိန်တို့ထက် (၃)ဒီဂရီစင်တီဂရိတ်မှ (၄)ဒီဂရီစင်တီဂရိတ်အထိ ပိုခဲ့သည်။
ထူးခြားသည့် နေ့အပူချိန်များမှာ ချောက်မြို့တွင် (၄၇) ဒီဂရီ စင်တီဂရိတ်နှင့် မုံရွာမြို့၊ မြင်းမူမြို့၊ ညောင်ဦးမြို့၊ မင်းဘူးမြို့၊ မကွေးမြို့၊ တောင်တွင်းကြီးမြို့၊ ဂန့်ဂေါမြို့၊ ပေါက်မြို့နှင့် ဆင်ဖြူကျွန်းမြို့တို့တွင် (၄၄)ဒီဂရီစင်တီဂရိတ်စီတို့ ဖြစ်ကြပါသည်။
မှတ်သားဖွယ်ရာ မိုးရေချိန်များမှာ ချောင်းဆုံမြို့တွင် (၂.၁၇)လက်မ၊ မြိတ်မြို့တွင် (ဝ.၅၅) လက်မ၊ မဒေါက်မြို့၊ လှည်းကူးမြို့၊ ရန်ကုန်(ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်)နှင့် ဟင်္သာတမြို့တို့တွင် (ဝ.၂၀)လက်မစီနှင့် ပဲခူးမြို့တွင် (ဝ.၁၆) လက်မတို့ ဖြစ်ကြပါသည်။
ဘင်္ဂလားပင်လယ်အော်အခြေအနေ။ ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။
မနက်ဖြန်နံနက်အထိ ခန့်မှန်းချက်။ တနင်္သာရီတိုင်းဒေသကြီးနှင့် မွန်ပြည်နယ်တို့တွင် နေရာကျဲကျဲ၊ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရခိုင်ပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်။ ရွာရန်ရာနှုန်း(၈၀) ဖြစ်ပါသည်။ ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၄)ပေမှ (၆)ပေခန့် ရှိနိုင်ပါသည်။
နောက်(၂)ရက်အတွက်ခန့်မှန်းချက်။ မြန်မာနိုင်ငံတောင်ပိုင်းဒေသများတွင် ထစ်ချုန်းမည့်အခြေအနေများ ဆက်လက်ဖြစ်ပေါ်နိုင်ပါသည်။
နေပြည်တော်နှင့်မန္တလေးမြို့ အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ တိမ်အသင့်အတင့် ဖြစ်ထွန်းမည်။
ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက် မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်ပါသည်။ ရွာရန်ရာနှုန်း(၆၀) ဖြစ်ပါသည်။
MDN
