၂၀ မေ
City Taxi မှတ်ပုံတင်ရန် ပျက်ကွက်သည့် အငှားယာဉ် ငါးထောင်ကျော်အား မည်ကဲ့သို့ ဆောင်ရွက်သင့်သည်ကို တိုင်းဒေသကြီးအစိုးရအဖွဲ့သို့ တင်ပြသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA)မှ တွဲဖက်အတွင်းရေးမှူး ဦးလှအောင် ကပြောသည်။
"ဒီကားတွေကို ၂၀၁၈ ဇန်နဝါရီ ၃၁ မှာ မှတ်ပုံတင်ပါ၊ အဲဒီမှတ်ပုံတင်တဲ့ကား ဧပြီ ၆ ရက်နေ့ထိ လာလုပ်ဆိုပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ပျက်ကွက်တဲ့ကားဟာ ကျွန်တော်တို့စာရင်းမှာ ငါးထောင်ကျော်ရှိတယ်၊ အဲဒီငါးထောင်ကျော်လောက်ကို ဘာလုပ်သင့်လဲဆိုတာကို တင်ပြမယ်ဆိုတဲ့အကြောင်းက အခု တချို့ကလည်း ပြန်လည်လျှောက်ထားလာတယ်၊ ကျွန်တော်တို့ကားတွေက အဲဒီအချိန်က ဘာကိစ္စကြောင့် မှတ်ပုံတင်ရတာ ပျက်ကွက်ခဲ့တာပါ၊ ဒါပေမယ့် အခုအချိန်မှာ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ သတ်မှတ်တဲ့အတိုင်း City Taxi မှတ်ပုံတင်ခြင်းကိုလည်း ကျွန်တော်တို့က လုပ်ချင်တယ်၊ လုပ်မရတဲ့အတွက် ဒါကို ကျွန်တော်တို့အတွက် ညွှန်ကြားပါဆိုတာမျိုးတွေရှိတယ်၊ ရှိတဲ့အတွက် ကျွန်တော်တို့က ဒီယာဉ်တွေကို ကိုယ့်ရဲ့ City Taxi ယာဉ် မှတ်ပုံတင်မူလစာရင်းမှာရှိတဲ့အတွက် ပြန်ပြီးတော့ တတ်နိုင်သမျှ ဒီယာဉ်တွေကို စုစည်းနိုင်အောင် ကြိုးစားမယ်၊ အဲဒီအတွက် ဘယ်လိုလုပ်သင့်တယ်ဆိုတာ အစိုးရကို တင်ပြဖို့ လုပ်နေတယ်"ဟု ဦးလှအောင် ကပြောသည်။
အဆိုပါ City Taxi မှတ်ပုံတင်ခြင်းကို ၂၀ဝ၂ ခုနှစ်မှစ၍ စီမံချက်ချကာ မြို့တော်အင်္ဂါရပ်နှင့်ညီသော အငှားယာဉ်များဖြစ်ရေး၊ အငှားယာဉ် စီးနင်းသူများကို အထောက်အပံ့ပြုနိုင်ရေးနှင့် အငှားယာဉ်များကို စည်းကမ်းထိန်းသိမ်းမှု လုပ်ဆောင်ပေးနိုင်ရေးတို့အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းများ အဆင်ပြေစေရန် လက်ရှိအစိုးရ သစ်လက်ထက် ၂၀၁၆ ခုနှစ် ဇူလိုင် ၈ ရက်တွင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အမိန့်ကြေညာစာ ထုတ်ပြန်၍ YRTA ကိုဖွဲ့စည်းခဲ့ပြီး YRTA မှ City Taxi မှတ်ပုံတင်ခြင်းကို ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ YRTA အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း အငှားယာဉ်အဖြစ် မှတ်ပုံတင်ထားသော တက္ကစီယာဉ်များအား ယာဉ်စည်းကမ်းထိန်းသိမ်းရေးလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီးတီးတက္ကစီယာဉ်များအဖြစ် မှတ်ပုံတင်ခြင်း၊ သတ်မှတ်ကာလအလိုက် စီးတီးတက္ကစီမှတ်ပုံတင် သက်တမ်းတိုးခြင်းလုပ်ငန်းများအား ၂၀၁၇ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်နောက်ဆုံးထား၍ ဆောင်ရွက်ရန် အစိုးရသတင်းစာများတွင် အကြိမ်ကြိမ်သတိပေးအကြောင်းကြားခဲ့ပြီးဖြစ်သည်။
သို့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခက်အခဲရှိကြသော ယာဉ်ပိုင်ရှင်များ၊ ယာဉ်မောင်းများမှ တင်ပြလာသဖြင့် ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်အထိ တိုးမြှင့်ဆောင်ရွက်ပေးခဲ့ပြီး ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၃၁ ရက်တွင် မှတ်ပုံတင်သည့်ကားများကို ဧပြီ ၆ ရက်နေ့အထိ လုပ်ဆောင်ရန် သတ်မှတ်ခဲ့သည်။
ထိုသို့ သတ်မှတ်ကာလအတွင်း လာရောက်ဆောင်ရွက်ခြင်းမရှိသည့် စီးတီးတက္ကစီယာဉ်များကို လုပ်ငန်းလိုင်စင် ဖျက်သိမ်းသည်အထိ ထိရောက်စွာအရေးယူ ဆောင်ရွက်သွားမည်ဟုလည်း YRTA အနေဖြင့် အသိပေး နှိုးဆော်ထားသည်။
"အရင်တုန်းကလို မင်းကို ချက်ချင်း ရပ်မယ်လို့ ကျွန်တော်တို့ မလုပ်ဘူး၊ ဥပဒေပါအပြစ်ပေးခြင်းနဲ့အညီသွားမှာ၊ ဒီကားတွေကို ကျွန်တော်တို့ မှော်မှန်းထားတာ၊ ကျွန်တော်တို့ ၆၆၆၀ဝ ကျော်ထဲမှာ ကျွန်တော်စာရင်းအရလုပ်ထားတာ ၅၀ဝ၀ ကျော်လောက်က ပျက်ကွက်တယ်၊ အဲတော့ ၅၀ဝ၀ ကျော် ပျက်ကွက်တာဟာ အကုန်လုံး ရန်ကုန်မှာရှိလား ကျွန်တော်မပြောနိုင်ဘူး၊ ယာဉ်အိုယာဉ်ဟောင်းအပ်တဲ့ ကားတွေ ဘယ်သူမှ ကျွန်တော်တို့ကို လာသတင်းမပို့ဘူး၊ ဒါတွေရှိမယ်၊ နယ်ရောက်နေတဲ့ကားရှိမယ်၊ ရောင်းလိုက်တဲ့ကားရှိမယ်၊ အဲဒါကို လျှော့ရင်တော့ ဘယ်လောက်ကျန်မလဲမသိဘူး၊ ဒါကြောင့် ကျွန်တော်ဘက်ကတော့ ကျန်တဲ့ကားတွေအပေါ်မှာ စီမံဆောင်ရွက်ခွင့်ကို ဆက်လက်တင်ပြနေပါတယ်"ဟု ဦးလှအောင် က ပြောသည်။
လက်ရှိ ရန်ကုန်တိုင်းဒေသကြီးအတွင်း မှတ်ပုံတင်ထားသော အငှါးယာဉ်အစီးရေ ခြောက်သောင်းခြောက်ထောင်ကျော်ရှိကြောင်း သိရသည်။
ငြိမ်းငြိမ်း