၂၀ မေ
မြန်မာနိုင်ငံ၌ ရင်းနှီးမြှုပ်နှံမှု အဆင့်ရှစ်နေရာတွင်ရှိသည့် မလေးရှားနိုင်ငံမှ လုပ်ငန်းရှင်များ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများတိုးမြှင့်ဆောင်ရွက်နိုင်ရေး မြန်မာနိုင်ငံသို့ လာရောက်ကာ စီးပွားရေးတွေ့ဆုံပွဲတစ်ခုကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာမှ သိရသည်။
“မလေးရှားနိုင်ငံက စီးပွားရေးလုပ်ငန်းလုပ်ဆောင်တဲ့လူတွေက မြန်မာနိုင်ငံကို လာဖို့ရှိပါတယ်။ သူတို့က မြန်မာနိုင်ငံက အလားအလာရှိတဲ့ နေရာတွေ၊ အောင်မြင်နေတဲ့ မလေးရှားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေကို လာရောက်လေ့လာမှာဖြစ်တယ်။ ဒါကြောင့် မလေးရှားနဲ့မြန်မာ ပူးပေါင်းပြီး စီးပွားရေးလုပ်ငန်းတွေ ပိုပြီးတော့ လွယ်ကူလာအောင် မလေးရှားလုပ်ငန်းရှင်တွေ သိချင်နေတဲ့ မြန်မာနိုင်ငံရဲ့ ဥပဒေ၊ နည်းဥပဒေတွေရဲ့ အကြောင်းကို စီးပွားရေးတွေ့ဆုံပွဲလေးတစ်ခုလုပ်ပြီးတော့ ဆွေးနွေးပေးမှာ ဖြစ်ပါတယ်”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါ စီးပွားရေးတွေ့ဆုံဆွေးနွေးပွဲကို မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် မလေးရှား သံရုံးတို့ပူးပေါင်း လုပ်ဆောင်သွားမည်ဖြစ်ပြီး ဆွေးနွေးပွဲလုပ်ဆောင်မည့် အချိန်ကိုမူ မသိရှိရသေးပေ။
မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှု အဆင့်ရှစ်နေရာတွင်ရှိသည့် မလေးရှားနိုင်ငံ၏ စုစုပေါင်းရင်းနှီးမြှုပ်နှံမှု ပမာဏသည် ၁၉၈၈ ခုနှစ်မှစ၍ ၂၀၁၉ ခုနှစ် ဧပြီလကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၉ ဘီလျံရှိပြီး ကုန်ထုတ်လုပ်မှုကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ၇၂၉ သန်းဖြင့် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ဒုတိယအများဆုံးရင်းနှီးမြှုပ်နှံမှုမှာ အိမ်ခြံမြေကဏ္ဍဖြစ်ပြီး အိမ်ခြံမြေကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၄၂၈ သန်းရှိကာ တတိယအများဆုံး ရင်းနှီးမြှုပ်နှံမှုကဏ္ဍမှာ ရေနံနှင့်သဘာဝဓာတ် ငွေ့လုပ်ငန်းကဏ္ဍဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၃၉၇ သန်းရှိကြောင်း သိရသည်။
ထို့ပြင် မလေးရှားနိုင်ငံအနေဖြင့် ဆက်သွယ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၅၆ သန်း၊ ဟိုတယ် နှင့် ခရီးသွားလာရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ် လာ ၅၂ သန်း၊ စိုက်ပျိုးရေး ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ ၇၆ သန်းကျော်၊ ၊ မွေးမြူရေးနှင့် ရေလုပ်ငန်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂၁ သန်းကျော်၊ အခြားကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ဝ ဒသမ ၂ သန်း တို့ ရင်းနှီးမြှုပ်နှံထားကြောင်း သိရသည်။
Nyein Nyein