မန္တလေး  ၂၀  မေ

 

ရာသီဥတု ပူပြင်းလာသည့်အတွက် မန္တလေးမြို့တွင် အရိပ်ရသစ်ပင်များ အခမဲ့ လိုက်လံစိုက်ပျိုးပေးမည်ဖြစ်ကြောင်း Green Mandalay အဖွဲ့ထံမှ သိရသည်။ 

 

မိမိတို့ ရပ်ကွက်နေအိမ်များတွင် အရိပ်ရအပင်များ စိုက်ပျိုးလိုပါက Green Mandalay အဖွဲ့ကို ဆက်သွယ်နိုင်ပြီး အပတ်စဉ် တနင်္ဂနွေနေ့တိုင်း သစ်ပင်စိုက်ပျိုးပေးနေကြောင်း သိရသည်။ 

 

"အရမ်းပူတော့ အပင်တွေရှားလာတယ်၊ ဒါကြောင့် အပင်စိုက်ဖို့ စဉ်းစားတယ်။ တခြားအဖွဲ့အစည်းတွေ စိုက်နေတာလည်းရှိတယ် မြေကွက်အလွတ်တွေမှာ စိုက်ပျိုးတော့ အပင်ပြုစုမယ့်သူမရှိဘဲ အပင်ဖြစ်ထွန်းတာနည်းတယ်။ ဒါကြောင့် အပင်ကို ပြုစုပေးမယ့်သူရှိမယ့် ရပ်ကွက်တွေထဲမှာ စိုက်ပျိုးဖို့ ဆောင်ရွက်တာပါ'' ဟု Green Mandalay အဖွဲ့က ကိုအောင်သူဖြိုး ကပြောသည်။

 

မန္တလေးမြို့ရှိ ရပ်ကွက်၊ အိမ်များတွင် သစ်ပင်စိုက်ပျိုးခြင်းကို ပြီးခဲ့သည့် ဧပြီလက စတင်စိုက်ပျိုး ခဲ့ခြင်းဖြစ်သည်။ သစ်ပင်စိုက်ပျိုးမည့်ရပ်ကွက်ကို စည်ပင်ပိုင် ဧရိယာ၊ ဓာတ်တိုင် လွတ်ကင်းမှုရှိမရှိ၊ အပင်ပြုစုပေးနိုင်ခြင်း ရှိမရှိ၊  သစ်ပင်စိုက်ပျိုးလို့ရသည့် မြေသာအမျိုးအစား စသည့်အချက်များကို ဆာဗေး ကောက်ယူပြီးမှ မြေကျင်းတူးခြင်း၊ မြေသြဇာဖြင့် နှပ်ထားခြင်းများဆောင်ရွက်ကြောင်း သိရသည်။ 

 

"အပင်စိုက်မယ့်ရပ်ကွက်မှာ survey အရင်သွားကောက်ပါတယ်။ အပင်စိုက်ချင်တဲ့ဆန္ဒရှိ၊ မရှိနဲ့ အပင်တွေကို ရေလောင်းပေးနိုင်မလား အဓိကမေးပါတယ်။ ကျန်တာအကုန်အဖွဲ့က တာဝန်ယူလုပ်ပေးပါတယ်'' ဟု ကိုအောင်သူဖြိုး ကပြောသည်။ 

 

ပျိုးပင်အသက် ၅ နှစ်သားရှိတဲ့ ခရေ၊ ကုက္ကိုလ်၊ မယ်ဇယ်၊ ပိတောက်၊ စိန်ပန်း ၊ ရေတမာ စသည့် ပျိုးပင်တွေကို မန္တလေးမြို့တော်စည်ပင်က လှူဒါန်းပေးကြောင်း သိရသည်။ 

 

"မြေသြဇာနဲ့ နှပ်ထားပြီးနောက်တစ်ပတ်ကျမှ အပင်ကိုစိုက်ပါတယ်။ အပင်စိုက်ပြီးရင် အပတ်စဉ်လိုက်ပြီး စစ်ဆေးဖို့ အဖွဲ့ဖွဲ့ထားပါတယ်။ သေသွားတဲ့အပင်ရှိရင် အစားပြန်စိုက်ပေးပါတယ်''ဟု ကိုအောင်သူဖြိုးက ဆိုသည်။

 

လက်တလောကာလတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်း သစ်ပင်များစိုက်ပျိုးရန် မြေကျင်းတူးထားပြီးဖြစ်ကာ မန္တလေးတစ်မြို့လုံးတွင် အပင်အရေအတွက် သိန်းဂဏန်းခန့် စိုက်ပျိုးသွားမည်ဖြစ်ကြောင်း သိရသည်။ 

 

အပင်စိုက်ရန် စိတ်ဝင်စားသူများ၊ အပင်၊ မြေသြဇာလှူဒါန်းလိုသူများ အနေဖြင့် ဖုန်းနံပါတ် ဝ၉ - ၉၇၆၈၆၄၇၀၁ ၊ ဝ၉-၉၆၄၈၈၈၈၇၀  သို့ ဆက်သွယ်နိုင်ကြောင်း သိရသည်။

 

အိမို့မို့ခိုင်