နေပြည်တော်  ၂၀  မေ 

 

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေသည် မေ ၁၈ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နမ့်ခမ်းမြို့သို့ရောက်ရှိပြီး နမ့်ခမ်းမြို့နယ်၊ နောင်တိန်းကျေးရွာရှိ နောင်တိန်း လူဝင်မှုကြီးကြပ်ရေး ကင်းစခန်းအား ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက နောင်တိန်းကျေးရွာအနီး မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်အခြေအနေ၊ ရွှေလီမြစ်အား ကူးတို့ယာဉ်များဖြင့် နှစ်နိုင်ငံပြည်သူများ ဖြတ်သန်းသွားလာမှု၊ ဒေသခံပြည်သူများ အဆင်ပြေစွာကူးသန်းသွားလာနိုင်ရေးအတွက် ဌာနဆိုင်ရာအချင်းချင်း ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

 

ထို့နောက် ပြည်ထောင်စုဝန်ကြီးက နောင်တိန်းကင်းစခန်းသည် မိမိနယ်မြေအတွင်းတွင် ရှိနေသည့်အတွက် ဝင်/ ထွက်မှုများ စနစ်တကျဖြစ်စေရေး ဂရုပြုဆောင်ရွက်ရန်၊ ရွှေလီမြစ် အတွင်း သဲထုတ်လုပ်မှုများအား မြစ်ကြောင်းပြောင်းလဲမှုနှင့် နယ်နိမိတ် သတ်မှတ်မှု မထိခိုက်စေ ရေးအတွက် တာဝန်ရှိသူများက အမြဲမပြတ်လေ့လာစောင့်ကြပ် ကြည့်ရှု ကြရန်၊ တရားမဝင် ဝင်/ ထွက်မှုများမရှိစေရေးအတွက် ဒေသခံပြည်သူများအား အသိပညာ ပေးခြင်းနှင့် စစ်ဆေးကြပ်မတ် ခြင်းများ ဆောင်ရွက်ကြရန်မှာကြားပြီး နောင်တိန်းကင်းစခန်း အနီးရှိမန်ဟောင်းကင်းစခန်း၏ လူဝင်/ လူထွက်သွားလာမှု အခြေအနေများကို မေးမြန်း ဆွေးနွေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ နမ့်ခမ်းမြို့နယ်ဦးစီးမှူးရုံးသို့ သွားရောက်၍ ရုံးခန်းနှင့် ကိုယ်ရေးမှတ်တမ်းများ ထိန်းသိမ်းထား ရှိသည့် မှတ်တမ်းခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဝန်ထမ်း များအား မီးဘေး အန္တရာယ်နှင့် လုံခြုံမှုရှိစေရေးအတွက် သတိပြုဆောင်ရွက်ကြရေး၊ စက္ကူ၊ စာရွက်စာတမ်း ဖိုင်စနစ်မှ Digital စနစ်ဖြင့် e-ID စနစ် ပြောင်းလဲအသုံးပြုနိုင်ရေးအတွက် ကြိုတင်မျှော်တွေး ဆောင်ရွက်ကြရေး၊ နယ်စပ်မြို့နယ်ရုံးဖြစ်သည်နှင့်အညီ ဒေသခံတိုင်းရင်းသား များအပြင် လူမျိုးပေါင်းစုံနှင့်ဆက်စပ်ဆောင်ရွက်ရသဖြင့် ဆက်ဆံရေးပြေပြစ်ကောင်းမွန်ရေး၊ ဝန်ထမ်း အချင်းချင်း စည်းလုံးညီညွှတ်စွာဖြင့် ပေးအပ်သည့်တာဝန်များကို ကျေပွန်စွာထမ်းဆောင် ကြရေးမှာကြားသည်။

 

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မူဆယ်မြို့ရှိ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်တင်ယာဉ်ကြီးများနှင့် ယာဉ်ငယ်များ ဝင်/ ထွက်သွားလာသည့် မန်ဝိန်း စစ်ဆေးရေးစခန်းသို့ ရောက်ရှိပြီး ဌာနအလိုက် တာဝန်ရှိသူများအား လုပ်ငန်းဆောင်ရွက်မှုနှင့် လုပ်ငန်းဆိုင်ရာ အခက်အခဲများကို မေးမြန်းကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။

 

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မူဆယ်မြို့ နန်းတော်ဂိတ်၌ ဝန်ထမ်းများက လူဝင်မှုကြီးကြပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်နေမှု နှင့်ဆင်ဖြူ ဂိတ်၌ လူနှင့်ယာဉ်ငယ်များ ဝင်/ထွက်သွားလာမှု တို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများ၏ ရှင်းလင်း တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက နှစ်နိုင်ငံပြည်သူများ ဝင်/ထွက်သွားလာမှု အဆင်ပြေစေရေးအတွက် ဌာနဆိုင်ရာ အားလုံးက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရေး၊ နှစ်နိုင်ငံ တာဝန်ရှိသူအချင်းချင်း ရင်းနှီးချစ်ကြည်စွာ ပေါင်းသင်းဆက်ဆံ၍ လိုအပ်သည်များ ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ရေး မှာကြားသည်။

 

ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးသည် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ် ဟိုဆောင်ကင်း စခန်းအခြေအနေအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး  လုပ်ငန်းလိုအပ်ချက်များမှာကြား ဖြည့်ဆည်းဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။ 

 

(သတင်းစဉ်)

 

ge 062.J