နေပြည်တော် ၂၀ မေ
နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်ကို နောက်ခံထား၍ လမ်းလယ်ကျွန်းတစ်လျှောက် သစ်ပင်ပန်းမန်များဖြင့် လှပနေသည့် လေဆိပ်အဝင်လမ်းတစ်နေရာတွင် ယနေ့နံနက်ပိုင်းက အပေးအယူရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ရိုက်ကူးလျက်ရှိသည်။
သန့်ရှင်း၍ အမှိုက်ကင်းစင်နေသော လမ်းများ၊ သစ်ပင်ပန်းမန် အလှအပများ၊ ဟိုတယ်များနှင့် သာယာသော တောတောင်ရှုခင်းများကြောင့် နေပြည်တော်သည် ရုပ်ရှင်ဒါရိုက်တာအချို့ အကြိုက်တွေ့နေသည့် ရုပ်ရှင်ရိုက်ကွင်းများဖြစ်လာနေသည်။ ကိုလင်းထွန်းကစီစဉ်ပြီး Life + ရုပ်ရှင်ထုတ်လုပ်ရေးမှ ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ)ရိုက်ကူးသော “အပေးအယူ” ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို နေပြည်တော်တွင် မေ ၂၀ ရက်မှ ၂၅ ရက် အထိ လာရောက်ရိုက်ကူးလျက်ရှိသည်။
ဒါရိုက်တာစတီးလ်အနေဖြင့် နေပြည်တော်တွင် ရုပ်ရှင်ဇာတ်ကားကြီးများ လာရောက်ရိုက်ကူးသည်မှာ ယခုအကြိမ်အပါအဝင် သုံးကြိမ်ရှိပြီဖြစ်ကာ ပထမဆုံး နိုင်ငံကြီးသား ရုပ်ရှင်ဇာတ်ကား၊ ဒုတိယ တိုင်စာ ရုပ်ရှင်ဇာတ်ကား နှင့် ယခုတတိယမြောက်တွင် အပေးအယူရုပ်ရှင်ဇာတ်ကားကို လာရောက်ရိုက်ကူးနေခြင်း ဖြစ်သည်။
နေပြည်တော်တွင် ရုပ်ရှင်ဇာတ်ဝင်ခန့်အချို့ လာရောက်ရိုက်ကူးခြင်းနှင့်ပတ်သက်၍ ဒါရိုက်တာ စတီးလ်(ဒွေးမေတ္တာ)က “နေပြည်တော် လာရိုက်တဲ့အခါ လွတ်လွတ်လပ်လပ်ရိုက်လို့ရတယ်။ ပတ်ဝန်းကျင်ကို အနှောင့်အယှက်မဖြစ်ဘူး။ နောက်တစ်ခုက လမ်းတွေ အင်မတန် လှပတယ်၊ အိမ်ကောင်းကောင်း၊ ဟိုတယ်ကောင်းကောင်း တွေရှိတယ်။ ရန်ကုန်မှာလည်း ရိုက်ကွင်းတွေက ထပ်နေပြီ။ နောက်ထပ်အားသာချက်က နေပြည်တော်မှာ အရင်က ဟိုတယ်ဈေးတွေကြီးတယ်လို့ ထင်ပေမယ့် တကယ်တန်းလာကြည့်တော့ ဟိုတယ်စရိတ်က ပြင်ဦးလွင်နဲ့ အတူတူလောက်ပဲ သွားကျပါတယ်။ အဲဒါကြောင့် ပြင်ဦးလွင်မသွားတော့ဘဲ မိုင် ၂၀ဝ ပဲရှိတဲ့ ဒီလိုနေရာမှာ ရိုက်တဲ့အတွက် သွားရေးလာရေးလည်း ပိုပြီးလွယ်ကူသွားပါတယ်။ ပြင်ဦးလွင်မှာကျတော့ အရင်လိုမဟုတ်တော့ဘဲ လူနေမှုထူထပ်လာပြီး ရိုက်ကွင်း နေရာရှားပါလာပြီဖြစ်တဲ့အတွက် နေပြည် တော်က လူရှင်းတယ်၊ အမှိုက်ရှင်းတယ်၊ လမ်းတွေ လှပတယ်။ ဒါကြောင့်နေပြည်တော်မှာ ရိုက်ဖြစ်တာပါ” ဟုပြောကြားသည်။
အဆိုပါ “အပေးအယူ” ဇာတ်ကားကို ဇာတ်လမ်း ဇျာန် သခင်၊ ဇာတ်ညွှန်းမောင်မြတ်ဆွေက ရေးသားထားပြီး သရုပ်ဆောင် အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ အေးမြတ်သူ၊ ရွှေသမီး၊ ကလေးသရုပ်ဆောင် နန်းထိပ်ထားနှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားကာ ဇာတ်ဝင်ခန်းများကို နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ ဟိုတယ်ဇုန်နှင့် ဂျန်းရှင်းစင်တာတို့တွင် လာရောက် ရိုက်ကူး လျက်ရှိသည်။
“အပေးအယူရုပ်ရှင်ဇာတ်ကားသည် ချစ်ခြင်း မေတ္တာ တရားတစ်ခုအကြောင်းဖြစ်တယ်။ ကောင်လေးတစ် ယောက်က ကောင်မလေး တစ်ယောက် ကိုချစ်တယ်။ အချစ်ကတစ်နယ်တစ်ကြေးမှာနေတယ်ဆိုပေမယ့် အချစ်ဆိုတဲ့အရာတစ်ခုပေါ်လာလို့ရှိရင် ဘယ်မှာ နေတယ်၊ ဘယ်လိုနေတယ်၊ ဘယ်လိုထိုင်တယ်ဆိုတာ မရှိဘူး၊ ယုံကြည်မှုတစ်ခုနဲ့ချစ်တာမျိုးပေါ့။ အဲဒီယုံကြည်မှုကို အလွဲသုံးစားအလုပ်ခံရတဲ့အချိန်မှာ လူတစ် ယောက်ရဲ့ ဘဝကြီးတစ်ခုလုံးပျက်စီးသွား နိုင်တယ်ဆိုတဲ့ ပုံစံမျိုး မီးမောင်းထိုးချင်တာဖြစ်ပါတယ်။ အချစ်စစ် မဟုတ်ဘဲ အခွင့်အရေးကို တလွဲအသုံး ချတာနဲ့ ကောင်မလေးတစ်ယောက်ရဲ့ ဘဝ ပျက်စီးသွား ရတဲ့ပုံစံနဲ့ Crime Story ပုံစံဇာတ်ကားလေး ဖြစ်ပါတယ်” ဒါရိုက်တာ စတီးလ်က ပြောသည်။
အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင် ရွှေသမီးမှာ နှင်းဆီဖြူဆိုသည့် ကောင်မလေးအနေဖြင့် ပါဝင် သရုပ်ဆောင်ထားပြီး စရိုက်အကြမ်းရော အနုပါ နှစ်မျိုးသရုပ်ထားကြောင်းသိရသည်။
သရုပ်ဆောင်ရွှေသမီးက နေပြည်တော်တွင် ဇာတ်ဝင်ခန်းအချို့ လာရောက်ရိုက်ကူးရသည်မှာ ပိုပြီးအေးအေး ဆေးဆေးရှိပြီး ရန်ကုန်မှာကဲ့သို့ ကားကျပ်သည့်အတွက် နံနက်အစောကြီးထသွားရတာမျိုး၊ အချိန်ပိုစောပြီး ထွက်ရခြင်းမျိုးမရှိတော့သည့်အတွက် ပိုအဆင်ပြေကြောင်း၊ နေပြည်တော်တွင် လူလည်းရှင်းကာ ကားရိုက်ရ သည်မှာ ပိုပြီးလွတ်လွတ်လပ်လပ်ရှိကြောင်း၊ အဓိကအားဖြင့် သွားရေးလာရေး လွယ်ကူပြီး အခြားနယ်တွင် ထွက်ရိုက်ရသည်ထက် ပို၍ကုန်ကျစရိတ်နည်းသည့်အတွက် ပိုမိုအဆင်ပြေကြောင်း ပြောသည်။
အပေးအယူရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ရန်ကုန်မြို့ရှိ ရုပ်ရှင်မြှင့်တင်ရေးစင်တာရှိ စတူဒီယို များတွင် တရားရုံး၊ ရဲစခန်း၊ အကျဉ်းစခန်းစသည့် ပုံစံများကို ဆက်တင်ပြုလုပ် ရိုက်ကူးခဲ့သည်။ ဆက်လက်၍ ယနေ့တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေဆိပ် အဝင် လမ်းမကြီးပေါ်တွင် ရိုက်ကူးလျက်ရှိပြီး မေ ၂၁ရက်တွင် နေပြည်တော်အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း သွားရောက် ရိုက်ကူးမည်ဖြစ်ကာ မင်္ဂလာ သီရိဟိုတယ်၊ Junction Centre နှင့် နေပြည်တော် ဟိုတယ်ဇုန် လမ်းမကြီးများ ပေါ်တွင်လည်း ဇာတ်ဝင်ခန်း အချို့ကို ဆက်လက်ရိုက်ကူးသွားမည်ဖြစ်သည်။ ယခုရိုက်ကူး နေသော ရုပ်ရှင်၏ ဇာတ်ဝင်ခန်းအချို့ကို ပြင်ဦးလွင်နှင့် ဗီယက်နမ်နိုင်ငံသို့ ဆက်လက်သွားရောက် ရိုက်ကူးမည် ဖြစ်ကြောင်း သိရသည်။
သတင်း - နေဝင်းထွန်း၊ ဝေသူနွယ်
ဓာတ်ပုံ - သီဟစည်သူ