နေပြည်တော် ၂၀  မေ 

 

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းဝင်းသည် ယနေ့တွင် ပြင်ဦးလွင်မြို့  မြန်မာနိုင်ငံ သစ်တောကျောင်း ကျွန်းရတနာခန်းမတွင် ကျင်းပသည့် အခြေခံသစ်တောပညာ (၂) နှစ် သင်တန်း အမှတ်စဉ် (၁၁၅) သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။

 

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက အစဉ်အလာကောင်းရှိခဲ့သည့် ကျောင်း ၏ ဂုဏ်ကို သင်တန်းသားတစ်ဦးချင်းစီ၏ ကြိုးစားအားထုတ်မှုနှင့် ဆက်လက် ထိန်းသိမ်း ကြရန်၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်း၊ ကျောင်းစည်းကမ်းများနှင့် အကျင့်စာရိတ္တ ကောင်းမွန်အောင် လိုက်နာကြရန်၊ သင်တန်းတွင် ထူးချွန်ဆုများရရှိအောင် ကောင်းသော ယှဉ်ပြိုင်ခြင်းဖြင့် အပြိုင်အဆိုင် ကြိုးစားကြရန်၊ စာတွေ့၊ လက်တွေ့ထူးချွန်အောင် ကြိုးစားကြရန်၊ ဝန်ကြီးဌာနအောက်ရှိ ဌာနအသီးသီး၏ အရည်အချင်းပြည့်ဝသည့် ခေါင်းဆောင်ငယ်များအဖြစ် တာဝန်ထမ်းဆောင်နိုင်ရေး ဦးတည်ဆောင် ရွက်သွားကြရန်၊ စွမ်းဆောင်ရည် ထက်မြက်သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် စဉ်ဆက်မပြတ် လေ့လာ သင်ယူဆည်းပူးကြရန်၊ နိုင်ငံတော်နှင့် အမျိုးသားအကျိုးစီးပွားကို အစဉ်ထာဝရ ဖော်ဆောင်နိုင်သည့် ရိုးသားကြိုးစားသည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကြိုးပမ်း ဆောင်ရွက်သွားကြရန် ပြောကြားသည်။

 

ပြည်ထောင်စုဝန်ကြီးသည် မေ ၁၉ ရက်က မိတ္ထီလာမြို့နယ်နှင့် ကျောက်ဆည် မြို့နယ် သစ်တောဦးစီးဌာန၊ အပူပိုင်းဒေသစိမ်းစိုပြည်ရေးဦးစီးဌာနတို့မှ ပျိုးထောင် ဆောင်ရွက်လျက်ရှိသော အမြဲတမ်းပျိုးဥယျာဉ်များနှင့် ပြင်ဦးလွင်မြို့ သစ်တောဦးစီးဌာန ဒိုးကွင် ပျိုးဥယျာဉ်တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)