ရန်ကုန် ၂၀ မေ
ရန်ကုန်စတော့အိတ်ချိန်း၌ အရောင်းအဝယ် ပြုလုပ်လျက်ရှိသော စာရင်းဝင်ကုမ္ပဏီများအားလုံး၏ အစုရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။
ရန်ကုန်စတော့အိတ်ချိန်း၏ ယနေ့နေ့လယ် ၁ နာရီဈေးနှုန်းများအရ FMI ကုမ္ပဏီသည် အစုရှယ်ယာ တစ်စုလျှင် ၁၀ဝ၀ ကျပ် ဈေးနှုန်းမြှင့်တက်ခဲ့ပြီး မြန်မာသီလဝါ (MTSH)သည် ၅၀ ကျပ် ဈေးတက်ကာ မြန်မာနိုင်ငံသားများဘဏ်(MCB) သည် ၁၀ဝ ကျပ်အထိလည်းကောင်း၊ ပထမပုဂ္ဂလိကဘဏ်(FPB) သည် ၅၀ဝ ကျပ် ဈေးမြင့်တက်ခဲ့ကာ TMH ကုမ္ပဏီသည် ၅၀ ကျပ်အထိ အစုရှယ်ယာဈေးနှုန်းများ အသီးသီးမြင့် တက်ခဲ့ကြောင်း သိရသည်။
ထိုသို့ စာရင်းဝင်ကုမ္ပဏီများအားလုံး အစုရှယ်ယာဈေးမြင့်တက်ခဲ့ခြင်းသည် ရန်ကုန်စတော့အိတ်ချိန်းထူ ထောင်စဉ်မှစ၍ ဒုတိယအကြိမ်မြောက် ဈေးမြင့်တက်ခဲ့ခြင်းဖြစ်ပြီး မေလ ၁၀ ရက်နေ့က ပထမအကြိမ် အဖြစ် စာရင်းဝင်ကုမ္ပဏီအားလုံး၏ အစုရှယ်ယာဈေးနှုန်းများ မြင့်တက်ခဲ့ဖူးကြောင်း သိရသည်။
“ဒါကတော့ ကျွန်တော်တို့အတွက် ကောင်းတဲ့လက္ခဏာပါ။ ရန်ကုန်စတော့အိတ်ချိန်းမှာ စာရင်းဝင်ထားတဲ့ ကုမ္ပဏီ ၅ ခုကို ပြည်သူလူထုအနေနဲ့ ပိုပြီးစိတ်ဝင်စားလာတယ်ဆိုတာပြတာပေါ့။ ဒါပေမယ့် ဈေးကွက်မှာ စတော့ဈေးကတော့ မတက်တဲ့နေ့ဆိုတာ မရှိပါဘူး။ တစ်ခါတစ်လေ ကျတဲ့နေ့လည်းရှိတာပေါ့။ ဒါပေမယ့် ဒီလို ၅ ခုစလုံး ဆုံပြီးတက်တယ်ဆိုတာ ဒီနေ့နဲ့ပါဆိုရင် နှစ်ရက်ပဲရှိဖူးသေးတယ်” ဟု ရန်ကုန်စတော့ အိတ်ချိန်းမှ အမှုဆောင်အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။
ရန်ကုန်စတော့အိတ်ချိန်းသည် ၃ နှစ်၊ ၁ လတာ ကာလအတွင်းမှာ ရှယ်ယာပေါင်း ၁၀ ဒသမ ၅ သန်း ငွေတန်ဖိုး အားဖြင့် ၁၁၇ ဘီလီယံကျော် အရောင်းအဝယ် ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။ ၂၀၁၈ ခုနှစ်အတွင်း အစုရှယ်ယာအရောင်းအဝယ် အနည်းငယ်ကျဆင်းခဲ့သော်လည်း ၂၀၁၉ ခုနှစ်အတွင်း တစ်ရက်လျှင် ပျမ်းမျှ သန်း ၁၀ဝ နီးပါးခန့် အရောင်းအဝယ် ပြန်လည်မြင့်တက်ခဲ့ကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းသို့ စာရင်းဝင်နိုင်ရေးအတွက် ပြင်ဆင်လျက်ရှိသော ကုမ္ပဏီများရှိပြီး စာရင်းဝင်နိုင်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ရာ၌ အနည်းဆုံးတစ်နှစ်ခန့် အချိန်ယူပြင်ဆင်မှု ပြုလုပ်ရလေ့ ရှိကြောင်း သိရသည်။
၂၀၁၉ ခုနှစ်အတွင်း၌ ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် အထူးအဖွဲ့ကို ဖွဲ့စည်းကာ မြန်မာနိုင်ငံတွင်းရှိ အများပိုင်ကုမ္ပဏီများ စတော့အိတ်ချိန်းအတွင်း ဝင်ရောက်လာစေရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ အထူးအဖွဲ့အနေဖြင့် အများနှင့်သက်ဆိုင်သောကုမ္ပဏီများထဲမှ အလားအလာ ကောင်းသောကုမ္ပဏီများကို ရွေးချယ်ကာ ကုမ္ပဏီတစ်ခုချင်းအလိုက် ကွင်းဆင်း၍ လိုအပ်ချက်များ၊ နည်းပညာကူညီမှုများ ပြုလုပ်ပေး၍ စာရင်းဝင်နိုင်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ကွင်းဆင်းဆောင်ရွက်မှုကြောင့် ကုမ္ပဏီများအနေဖြင့် စိတ်ဝင်စားမှုရှိပြီး ပူးပေါင်း ဆောင်ရွက်လာသည့်အတွက် နောက်ပိုင်းတွင် ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီများ တိုးပွားလာ နိုင်သည်ဟု ခန့်မှန်းထားကြောင်း သိရသည်။
ရန်ကုန်စတော့အိတ်ချိန်းအနေဖြင့် ပြည်သူများ စတော့ဈေးကွက်တွင် ပိုမိုရင်းနှီးမြုပ်နှံလာစေရေး၊ စာရင်းဝင် ကုမ္ပဏီများ ပိုမိုပေါ်ထွက်လာစေရေးနှင့် စတော့ဈေးကွက်တွင်း ရင်းနှီးမြုပ်နှံသော ပြည်သူများအား အကာအကွယ်ပေးရေးစသည့်ဖြင့် ရည်မှန်းချက်ထား လုပ်ကိုင်လျက်ရှိပြီး စတော့ဈေးကွက်နှင့်ပတ်သက်၍ အလုပ်ရုံဆွေးနွေးပွဲများ၊ ဟောပြောပွဲများ ကျင်းပကာ ပညာပေးအစီအစဉ်များ ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။
နိုင်ငံတော်အနေဖြင့် ၂၀၁၇ ခုနှစ် အခွန်ဥပေဒအရ စတော့အိတ်ချိန်းသို့ ဝင်ရောက်စာရင်းဝင် လုပ်ကိုင်သော ကုမ္ပဏီများအား အခွန် ၅ ရာခိုင်နှုန်း သက်သာခွင့်ပြုထားကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း