ရန်ကုန် ၂၀ မေ
မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်း ဖွဲ့စည်းတည်ထောင်ခြင်း အခမ်းအနားကို ယနေ့ညနေ ၆ နာရီက ရန်ကုန်မြို့ရှိ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီးနေအိမ်၌ ကျင်းပသည်။
အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ဟုန်လျန်က လက်ရှိအချိန်တွင် တရုတ်-မြန်မာနှစ်နိုင်ငံက ရပ်ဝန်းနှင့် လမ်းကြောင်းစီမံကိန်း ကို တက်တက်ကြွကြွ အတူတကွ တည်ဆောက်လျက် ရှိပါကြောင်း ယင်းသည် တရုတ်-မြန်မာ အတူတကွ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကြွယ်ဝချမ်းသာရေး လမ်းကြောင်းဖြစ်ပါကြောင်း၊ ယင်းမူဘောင်အောက်တွင် နှစ်နိုင်ငံက တရုတ်-မြန်မာ စီးပွားရေး စင်္ကြံတည်ဆောက်ရေးကို စတင်ခဲ့ပါကြောင်း၊ တရုတ်-မြန်မာ စီးပွားကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးအတွက် ကျယ်ပြောသည့် အနာဂတ်ကို ဖွင့်လှစ်ပေးလိုက်ပြီး နှစ်နိုင်ငံစက်မှုလက်မှုနယ်ပယ်က ပုဂိုလ်များပူးပေါင်း ဆောင်ရွက် နိုင်ရန်အတွက် စီးပွားရေးအခွင့်အလမ်းများစွာ ထောက်ပံ့ပေးလိုက်ပါ ကြောင်း၊ ခေတ်ကာလသစ်တွင် မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်း ဖွဲ့စည်းတည် ထောင်ခြင်းသည် နှစ်နိုင်ငံအစိုးရနှင့် စက်မှုလက်မှုနယ်ပယ်၏ ဘုံရည်မှန်းချက်နှင့် မျော်မှန်းချက် ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီး ဌာန ညွန်ကြားရေးမှူးချုပ် ဦးမင်းမင်းက နှစ်နိုင်ငံကုန်သွယ်မှု အခြေအနေများနှင့် စပ်လျဉ်း၍ ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် မြန်မာ-တရုတ်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ Mr. Liu Ying တို့က အမှာစကား ပြောကြားသည်။
ထို့နောက် မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်း ဖွဲ့စည်းတည်ထောင်ခြင်း အထမ်းအမှတ်အနေဖြင့် သံအမတ်ကြီး မစ္စတာ ဟုန်လျန်၊ ညွန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် တာဝန်ရှိသူများက စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
မြန်မာ-တရုတ်ကုန်သည်ကြီးများအသင်းကို မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံ နှစ်နိုင်ငံအကြား အပြန်အလှန် ကုန်သွယ်မှုနှင့် ရေရှည်ရင်းနှီးမြှုပ်နှံမှုတို့ကို မြင့်တင်နိုင်ရန်နှင့် အိုင်တီနှင့်ဆက်သွယ်ရေးလုပ်ငန်းများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၊ ခရီးသွား လုပ်ငန်း၊ ဝန်ဆောင်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်းစသည့် ကဏ္ဍပေါင်းစုံတွင် ပိုမို ပူးပေါင်း ဆောင်ရွက်နိုင်ရန်နှင့် ပိုမိုရင်းနှီးသည့် ဆက်ဆံရေးနှင့် ချစ်ကြည်ရင်းနှီးမှုတို့ကို မြှင့်တင်ရန် ရည်ရွယ်ပြီး မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ် ၄ ဦး၊ ကဏ္ဍပေါင်းစုံကိုယ်စားပြုသည့် လုပ်ငန်းရှင် ၁၂ ဦး တို့ဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
(သတင်း-မင်းသစ်(MNA)/ဓာတ်ပုံ-လှမိုး)