၂၁  မေ

 

ငါ့အနားကဖြတ်သွားပြီး ငါ့အား လက်နှင့်ရွယ်သူ၊ ငါ့အား မနာကျင်စေမီ နားဆင်ပါ။ ကျွန်ုပ်ကား အေးချမ်းသော ဆောင်းညများဝယ် သင့်မီးလင်းဖို၏ အပူဓာတ်ဖြစ်၏။ နွေနေ၏ အပူဒဏ်မှ ကာကွယ်ပေးသော သင့်မိတ်ဆွေဖြစ်၏။ ကျွန်ုပ်၏ သစ်သီးများမှာ သင်ခရီးသွားနေစဉ် ရေငတ်ပြေစေသော၊ လန်းဆန်းသွားစေသော အာဟာရဖြစ်၏။ ကျွန်ုပ်ကား သင့်အိမ်ကို ခိုင်ခံ့တောင့်တင်းစေသော ရက်မ၊ သင့်စားပွဲခုံ၏ အသားဖြစ်၏။ သင်လဲလျောင်းအိပ်စက်သော ခုတင်၊ သင့်လှေကိုဆောက်သော အသားဖြစ်၏။ ကျွန်ုပ်ကား သင့်ပေါက်ပြား၏ လက်ကိုင်ရိုး၊ သင့်ဓားမဦးချမြေ၏ ဝင်းတံခါးဝ၊ သင့်ပုခက်၏ သစ်သား၊ သင့်အသုဘခေါင်း၏ ကိုယ်ထည်ဖြစ်၏။ ကျွန်ုပ်သည်ကား ဘုရားသခင်၏ လက်ဆောင်ဖြစ်ကာ လူသား၏ မိတ်ဆွေဖြစ်တော့သည်။ပေါ်တူဂီနိုင်ငံ ပြည်သူ့ဥယျာဉ်ဝင်းအဝင်ဝမှာ ကမ္ပည်းထိုးထားတဲ့ နှစ်သက်ဖွယ်စာသားလေး ဖြစ်ပါတယ်

 

လူသားတို့၏ မိတ်ဆွေရင်းချာ

 

သစ်ပင်တွေဟာ လူသားတို့နဲ့ ကမ္ဘာကြီးပေါ်မှာ အတူပေါက်ဖွားရှင်သန်ကြီးထွားလာကြပြီး တစ်ဦးနဲ့တစ်ဦး အပြန်အလှန် အမှီသဟဲပြုနေကြတဲ့ မိတ်ဆွေရင်းချာများ ဖြစ်ကြပါတယ်။ သစ်ပင်တစ်ပင်ကို ခုတ်လှဲဖို့ပြင်လိုက်တာနဲ့ သစ်ပင်က ပြောကြားမယ့် ရင်တွင်းစကားလေးတွေကို ခံစားနိုင်အောင် စာရေးသူရဲ့ အတွေးနဲ့ အရေးကတစ်ဆင့် တွေ့နိုင်ပါတယ်။ ဗုဒ္ဓမြတ်ဘုရားရှင်ကလည်း ဘူတဂါမပါတဗျ သိက္ခာပုဒ်မှာ ကြီးပွားဆဲ၊ ကြီးပွားပြီး သစ်ပင်အပေါင်းကို ဖျက်ဆီးခြင်းသည် ပါစိတ်အာပတ် (အပြစ်) ဖြစ်ကြောင်း၊ အာပတ်သင့်လျှင် ဓမ္မ အ္တရာယ်၊ တရားမတက်ကြောင်း၊ သစ်ပင်၏ အမြစ် (အဆစ်)၊ အညွန့်၊ မျိုးစေ့ စသည့်ဗီဇဂါမ်တို့ကိုပါ မဖျက်ဆီးရလို့ ဆိုထား ပါတယ်။ သစ်ပင်သစ်တောတွေကို အလွန်ချစ်ခင်နှစ်သက်တော် မူပြီး မဖျက်ဆီးဖို့၊ ထိန်းသိမ်းစောင့်ရှောက်ကြဖို့ ရဟန်းတွေနဲ့ နောင်လာနောက်သားတွေကို မှာကြားခဲ့တာမို့ မှတ်သား လိုက်နာစရာ ဖြစ်ပါတယ်။

 

လူမျိုးအသီးသီး၏ ယုံကြည်မှု

 

သစ်ပင်တွေကို ကမ္ဘာအနှံ့ လူမျိုးအသီးသီးကလည်း မိမိတို့ အယူအဆအလိုက် အနက်အဓိပ္ပာယ်အမျိုးမျိုးဆောင်ပြီး လေးစားချစ်ခင်ကြတာ တွေ့ရပါတယ်။ ရှေးခေတ်အင်္ဂလန်မှာ ဒရူးဝစ် (Druid) လူမျိုးတွေအတွက် ဝက်သစ်ချပင် (Oak tree) ဟာ အထွတ်အမြတ်ပူဇော်ရာဖြစ်သလို ဥရောပတိုင်း ပြည်အများစုက သစ်ပင်တွေမှာ အသက်ဝိညာဉ်ရှိတယ်လို့ ယူဆထားကြပါတယ်။ ဒရူးဝစ်ဆိုသူတွေကတော့ ရှေးအင်္ဂလန်ခေတ်က အထက်တန်းစားလူ့အလွှာဖြစ်ပါတယ်။ ရှေးက ဂျာမနီပြည်မှာ သစ်ပင်အားလုံးကို ပုံပျက်ပန်းပျက်လုပ်သူကို သေဒဏ်ပေးလေ့ရှိကြောင်း သိရပါတယ်။ ရှေးခေတ်ရောမသား တွေက ကော်နဲလ် (Comel) အပင်ကို အထူးအလေးယူစောင့် ရှောက်ကြပြီး သစ်ပင်စောင့်နတ်ထံမှာ လူကိုတောင် ယဇ်ပူဇော်လေ့ရှိကြောင်း သိရပါတယ်။ အမေရိကန်အင်ဒီးယန်းတွေကို သစ်ပင်ခုတ်ခိုင်းရင် ငြင်းဆန်လေ့ရှိကြပါတယ်။ သစ်ပင်ခုတ်တာ ဟာ သူတို့ကို မကောင်းတဲ့အလုပ် လုပ်ခိုင်းတာဖြစ်တယ်လို့ ယူဆကြပါတယ်။ သူတို့တစ်ဆွေမျိုးလုံး ခိုက်တတ်တယ်လို့ ယုံကြည်ကြပါတယ်။ တချို့ကတော့ သစ်ပင်မခုတ်မီ ရှိခိုး တောင်းပန်ပူဇော်ပသတတ်ကြပါတယ်။ ခရစ္စမတ်နေ့ဆိုရင် သစ်ပင်တွေကို အလှဆင်ကြပါတယ်။ အမြတ်တနိုးထားကြ ပါတယ်။ ဟိန္ဒူဘာသာဝင်တွေက သဖန်းပင် (Fig tree) တွေကို အထူးအရိုအသေပေးကြပါတယ်။ ဗုဒ္ဓမြတ်စွာဘုရားဟာ ညောင်ပင်အောက်မှာ ပွင့်တော်မူတာမို့ ညောင်ပင်ကို အထူး တန်ဖိုးထားလေ့ရှိကြသလို ဖြစ်ပါတယ်။ ရှေးက လူတချို့ဟာ သစ်ကိုင်းနဲ့ ရေရှာနိုင်ကြတယ်လို့ ယူဆကြပါတယ်။ သစ်ကိုင်းကို ကိုင်ပြီး လမ်းလျှောက်သွားလိုက်ပါ။ မြေအောက် ရေရှိရာအရပ် ရောက်တဲ့အခါ သစ်ကိုင်းကို တစ်ခုခုကဆွဲထားသလို ခံစားရ တတ်တယ်လို့ ဆိုပါတယ်။ ဒီနည်းနဲ့ ရေရှာခြင်း dowsing လုပ်ကြတယ်လို့ သိရပါတယ်။ ရေရှာဖို့ တရုတ်လူမျိုးတွေက မက်မွန်ကိုင်း၊ ဒရူးဝစ်တို့က ပန်းသီးကိုင်း၊ မြောက်အမေရိက တိုက်ဒေသခံတို့က Witch haze ကိုင်းတို့ကို သုံးကြကြောင်းလည်း သိရပါတယ်။

 

အင်္ဂလိပ်ဘာသာစကားမှာ “Knock on wood” ဖွဟဲ့ လွဲပါစေလို့ အဓိပ္ပာယ်ရတဲ့ အီဒီယံအသုံးရှိပါတယ်။ ရှေးက သစ်ပင်ကို နတ်စောင့်တယ်လို့ ယုံကြည်ကြလို့ ဆုတောင်း ပြည့်တဲ့အခါ ကျေးဇူးတင်တဲ့အနေနဲ့ အပင်ကို လက်နဲ့ခေါက် ရတယ်လို့လည်း ဆိုကြပါတယ်။ ဒီအချက်တွေကို ကြည့်ခြင်းဖြင့် က္ဘာအနှံ့က လူမျိုးအသီးသီးတို့ဟာ သစ်ပင်တွေကို ချစ်ခင် နှစ်သက်ခဲ့ကြတာ တွေ့နိုင်ပါတယ်။

 

သက်ခဲ့ကြတာ တွေ့နိုင်ပါတယ်။တောင်တောရယ်သာ၊ မာလာကငုံဖူး၊ တစ်ပင်ကိုနှစ်ပင် ယှက်တယ်၊ ကျေးငှက်ကမြူးတဲ့။ သစ်တစ်ပင်ကောင်း၊ ငှက်တစ်သောင်းနားနိုင်တဲ့။ ကျွန်တော်တို့မြန်မာတွေ သစ်ပင်တွေကို အထူးချစ်ခင်ကြပါတယ်။ သစ်ပင်တွေကို စိုက်ပျိုးကြ၊ ထိန်းသိမ်းကြတဲ့အလေ့ကို ရှေးကပင် လုပ်ခဲ့ကြတဲ့ လူမျိုးဖြစ်ပါတယ်။ အခုအခါမှာ သစ်ပင်တွေကို နည်းအမျိုးမျိုးနဲ့ ခုတ်လှဲနေကြ၊ ဖျက်ဆီးနေကြတာတွေ့ရလို့ အထူးစိတ်မကောင်းဖြစ်မိပါတယ်။ ၂၅-၁-၂၀၁၈ ရက်နေ့ မြန်မာ့အလင်းသတင်းစာမှာ နှစ် ၁၀ဝ ကျော်သက်တမ်းရှိ ကညင်ပင်ကြီးကို မသမာသူ တစ်စုက ခုတ်လှဲတဲ့အကြောင်း ဖတ်ရပါတယ်။ အလေးချိန် ၃၅ ဒသမ ၆၆၀၂ တန်၊ သက်တမ်းနှစ် ၁၀ဝ ကျော်ပြီဖြစ်တဲ့ ကညင် ပင်ကြီးကို ခုတ်လှဲကြတာဖြစ်ပါတယ်။ ဒီလိုမျိုးတွေ တရားမဝင် ခိုးယူခုတ်လှဲနေကြတာတွေ အများအပြားရှိနေမှာလို့လည်း အောက်မေ့မိပါတယ်။ ကျွန်တော်တို့ နိုင်ငံသားတွေရဲ့ တန်ဖိုး ထားမှု လျော့ရဲလာမှုတွေထဲမှာ အခုလို သစ်ပင်တွေကို တန်ဖိုးမထားကြတာ၊ ဖျက်လိုဖျက်ဆီးလုပ်နေကြတာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အခြေခံကျတဲ့ လူသားဂုဏ်ရည်တွေ လျော့ပါးနေမှုတွေကို ဒီအတိုင်း လျစ်လျူရှုမထားသင့်ကြတော့ပါဘူး။ နိုင်ငံသားတွေ စိတ်ဓာတ်မြင့်မားလာစေဖို့ အထူးသတိ ပြုဆောင်ရွက်သင့်ပါတယ်။ ဒါဟာ နိုင်ငံအတွက် တာဝန်သိသူတွေ မဖြစ်မနေလုပ်သင့်တဲ့ တာဝန်ဖြစ်ပါတယ်။ နိုင်ငံသားတိုင်းရဲ့ ပခုံးပေါ် ရောက်လာတဲ့ တာဝန်တစ်ခုဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သယံဇာတတွေအနက် သစ်တောထွက်ပစ္စည်းတွေ အထူးသဖြင့် ကျွန်းသစ်ဟာ ကမ္ဘာ့ကုန်သွယ်ရေး ဈေးကွက်မှာ အလွန်မျက်နှာပွင့်ခဲ့ပါတယ်။ ကျွန်းပင်အမျိုးအစားတွေထဲမှာတောင် မြန်မာ့ကျွန်းသစ်က ထိပ်တန်း အမျိုးအစား ဖြစ်ပါတယ်။ သဘာဝတရားရဲ့ လက်ဆောင်မွန်ဖြစ်ပါတယ်။ ကိုလိုနီခေတ်က အင်္ဂလိပ်အစိုးရက ကြေးတိုင်လုပ်ငန်းကို သေသေချာချာလုပ်ခဲ့တယ်လို့ သိရပါတယ်။ သစ်တောဧရိယာကို မြေပုံဆွဲပြီး သီးသန့်ကြိုးဝိုင်းတွေ သတ်မှတ်ပါတယ်။ သစ်တောဌာနကိုလည်း စနစ်တကျ ဖွဲ့စည်းပြီး ကျွန်း၊ ပျဉ်းကတိုး၊ ကညင်၊ အင်ကြင်း၊ သစ်ရာ စတဲ့ သစ်ပင်တွေကို ပင်ထောင်ရိုက် (စာရင်းယူ၊ နံပါတ်တပ်) ပါတယ်။ ကျွန်းပင်အပါအဝင် သစ်ပင်တွေကို သင်းသတ်ပါတယ်၊ သင်းသတ်တယ်ဆိုရာမှာ မြေမှ နှစ်ပေခန့်အကွာမှာ သစ်ပင် ပတ်လည်ရှိ အခေါက်တွေကို ဗြက်ခြောက်လက်မခန့် ခွာပစ် လိုက်တာ ဖြစ်ပါတယ်။ သုံးနှစ်ကြာ သင်းသတ်ထားမှ ကျွန်းပင်ဟာ အနှစ်တက်မာကျောလာပြီး အကောင်းစားတန်းဝင်သစ် ဖြစ်လာတယ်လို့ သိရပါတယ်။ ဒီအခါမှ ခုတ်လှဲရပါတယ်။ တစ်ချိန်တည်းမှာပဲ ကျွန်းသစ်ပျိုးပင်တွေ ပျိုးထောင်တာ၊ စိုက်ပျိုးတာ၊ အုပ်မိုးကာဆိုင်းတာ စတာတွေ ရှေးကာလများ မှာ ထုတ်ယူနိုင်မယ့် ကျွန်းသစ်တွေကို စာရင်းပြုစုပျိုးထောင် စောင့်ရှောက်ကြရတယ်လို့လည်း သိရပါတယ်။ ရသမျှ ခုတ်လှဲ ပစ်နေရင်တော့ အဖိုးတန်သစ်တွေ ကုန်ဆုံးသွားမှာ ဖြစ်ပါ တယ်။

 

ရှေးဘိုးဘွားများ၏ တန်ဖိုးရှိအမွေ

 

သစ်ပင်တွေဟာ လူသားတွေအတွက် ပြောမကုန်နိုင်လောက်အောင် အကျိုးပြုနေတဲ့ သဘာဝမိတ်ဆွေကောင်းတွေ ဖြစ်ကြပါတယ်။ သူတို့က လူသားတွေကို အကျိုးပြုနေသလို လူသားတွေကလည်း စည်းကမ်းရှိရှိ အသုံးပြုကြဖို့၊ ထိန်းသိမ်း စောင့်ရှောက်ကြဖို့လိုပါတယ်။ ကျွန်းပင်ဆိုရင် ခုတ်လှဲအသုံးပြုနိုင်ဖို့ စောင့်ရတဲ့ကာလက နှစ်ပေါင်း ၂၀ (သင်းသတ်ချိန်ပါထည့်ပေါင်းရင် ၂၃ နှစ်) ဖြစ်ပါတယ်။ သရက်ပင်လို အပင်မျိုး တောင် အနည်းဆုံး သုံးနှစ်စောင့်ရပါတယ်။ သစ်ပင်များ စိုက်ပျိုးတာဟာ ရေရှည်လုပ်ရတဲ့ အလုပ်ဖြစ်သလို နှစ်ကာလများစွာလည်း လူသားတွေနဲ့ သဘာဝ ပတ်ဝန်းကျင်ကြီးကို အကျိုးပြုနိုင်တာဖြစ်ပါတယ်။ အခုရေတွင်းတူး အခုသောက်လို့ရတဲ့ တစ်နပ်စားအလုပ်မျိုး သဘောထားလို့ မဖြစ်ပါဘူး။ အခု လူသားတွေကို အကျိုးပြုနေတဲ့ သစ်ပင်သစ်တောတွေဟာ ရှေးလူကြီးတွေ စိုက်ပျိုးခဲ့ကြ၊ စောင့်ရှောက်ခဲ့ကြလို့၊ အမြော်အမြင်ကြီးခဲ့ကြလို့ ဖြစ်ပါတယ်။ ရှေးလူကြီးတွေရဲ့ ကျေးဇူးဖြစ်ပါတယ်။ အခုခေတ် ကျွန်တော်တို့တစ်တွေကလည်း အလားတူ ဆောင်ရွက်နိုင်ကြဖို့ လိုပါတယ်။ ကျွန်တော်တို့အပေါ် ကျရောက်လာတဲ့ တာဝန်လည်း ဖြစ်ပါတယ်။ အခုတွေ့နေရတဲ့အတိုင်း တစ်တောလုံးပြောင်၊ တစ်တောလုံးပြုန်းနေတာကို တွေ့ရတာ အတော်ဝမ်းနည်းဖွယ်ဖြစ်ပါတယ်။ တောတောင်ရေမြေ၊ သစ်ပင် သစ်တောတွေဟာ အကျည်းတန်စွာ ပျက်စီးဆုံးရှုံးနေပြီ ဖြစ်ပါ တယ်။ ဒါနဲ့ အကျိုးဆက်ဖြစ်တဲ့ သဘာဝပတ်ဝန်းကျင်ကြီး ထိခိုက်ပျက်စီးလာမှုအပါအဝင် လူသားတွေနဲ့ ဇီဝဝန်းကျင် တွေအတွက် အနုတ်လက္ခဏာများစွာ ဖြစ်လာနေတာ တွေ့နိုင်ပါတယ်။ သို့သော် ကျွန်တော်တို့တစ်တွေ အပြစ်တွေ ပြောနေလို့တော့ ပြန်မကောင်းလာနိ်ုင်ပါဘူး။ လုပ်သင့်တာကို လုပ်ကြဖို့ဖြစ်ပါတယ်။ သစ်ပင်တစ်ပင်စိုက်ဖို့ အကောင်းဆုံးအချိန်ဟာ လွန်ခဲ့တဲ့နှစ်ကာလ ၂၀ ကဖြစ်ပါတယ်။ ဒုတိယအကောင်းဆုံး အချိန်ကတော့ အခုအချိန်ပဲ ဖြစ်ပါတယ်။ သစ်ပင်တွေကို ချစ်ခင်စိတ်တွေ မွေးမြူကြရပါမယ်၊ ကျန်နေသေးတဲ့ သစ်ပင်တွေကို စည်းကမ်းတကျ စောင့်ရှောက်ကြရပါမယ်၊ သစ်ပင်ပျိုးပင်လေးတွေကို စနစ်တကျစိုက်ပျိုးကြရပါမယ်၊ သစ်ပင်တွေ ရှင်သန်အောင်၊ ကြီးထွားအောင်၊ အသုံးဝင်တဲ့ကာလ အထိရောက်အောင် ထိန်းသိမ်းစောင့်ရှောက်ကြရပါမယ်၊ အသုံးပြုပြီးသစ်ပင်တွေ အစားထိုးအသုံးပြုနိုင်မယ့် အစီအစဉ် စတာတွေကိုလည်း ဆောင်ရွက်ကြရပါမယ်

 

သစ်ပင်များ၏ အကျိုးပြုပုံများ

 

အခုတွေ့ ကြုံနေရတဲ့ အပူလွန်ကဲတာ၊ ရေကြီးရေလျှံတာ အပါအဝင် သဘာဝ ဘေးအန္တရာယ်တွေဟာ သဘာဝပတ်ဝန်း ကျင်ကြီး ပျက်စီးလာရလို့ဖြစ်တယ်ဆိုတာ လက်ခံကြရပါမယ်။ အပူဟေ့၊ ရေဟေ့၊ လေဟေ့လို့ ဆိုတာနဲ့ မြန်မာနိုင်ငံ ပြေးမလွတ် သလောက်ဖြစ်နေပါပြီ။ ပျက်စီးဆုံးရှုံးမှုတွေနဲ့အတူ ပြည်သူတွေ ဒုက္ခအပေါင်းနဲ့ ရင်ဆိုင်ကြရပါတယ်။ ကမ္ဘာကြီးပူနွေးစေတဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့တွေကို သစ်ပင်တွေက ရှင်းလင်းပေးကြပါတယ်။ သစ်ပင်တစ်ပင်ဟာ နှစ်စဉ် လေထုထဲက ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ ၄၈ ပေါင်ကို စုပ်ယူ ပေးနိုင်ပြီး နှစ် ၄၀ ရှိ သစ်ပင်တစ်ပင်ဟာ ကာဗွန်ဒိုင်အောက် ဆိုက်ဓာတ်ငွေ့ တစ်တန်ကို နှစ်စဉ်စုပ်ယူပေးနိုင်ပါတယ်။ လူသားတွေဟာ လေထုရဲ့ အပူချိန်ကို ခံနိုင်စေပါတယ်။ လူတစ်သန်းခန့် (သို့မဟုတ်) ထိုထက်ပိုသော လူဦးရေရှိတဲ့ မြို့ ကြီးတစ်မြို့ရဲ့ ပျမ်းမျှလေထုအပူချိန်ဟာ ပတ်ဝန်းကျင်ဒေသတွေထက် နှစ်စဉ် 1.8 - 5.4 degree F (1-3 degree C)နှစ်စဉ် မြင့်မား နေတတ်ပါတယ်။ သစ်ပင်တွေစိုက်ထားတာကြောင့် “heat island effect”ခေါ် မြို့ ကြီးတွေရဲ့ အပူလွန်ကဲနေမှုကို လျော့ကျစေပါတယ်။ အိမ်တွေအနီးမှာ သစ်ပင်တွေရှိရင် နွေရာသီမှာ လေအေးပေးစက်၊ ပန်ကာ စတာတွေ သုံးရတဲ့ စရိတ်ရဲ့ ၁၂ ရာခိုင်နှုန်းလောက် လျော့ကျစေပါတယ်။ သစ်ပင်သစ်တောလေးတွေထဲမှာ လမ်းလျှောက်ရတာကလည်း စိတ်စွမ်းအင်တွေ တိုးတက်စေပါတယ်။ လေ့လာမှုတွေအရ ကန်တော်ကြီးလို သစ်ပင်တွေအုပ်ဆိုင်းနေတဲ့ နေရာမျိုးတွေမှာ ပုံမှန်လေ့ကျင့်ခန်းအနေနဲ့ လမ်းလျှောက်ပါများရင် cog-nitive function ခေါ် မှတ်ဉာဏ်တွေတိုးတက်လာတာ တွေ့ရပါတယ်။ သစ်ပင်တွေကို စုပေါင်းစိုက်ပျိုးကြတဲ့အခါ လူမျိုး ဘာသာ မည်မျှပင်ခြားနားပါစေ အချင်းချင်း ချစ်ခင်မှုတွေ ရရှိစေတဲ့၊ အချင်းချင်း စုပေါင်းဆောင်ရွက်လိုစိတ်တွေ ဖြစ်စေတဲ့ အကျိုးတို့ ရရှိစေနိုင်ပါတယ်။ ရုပ်ပိုင်းဆိုင်ရာတွေ သာမက စိတ်ပိုင်း ဆိုင်ရာတွေအတွက်ပါ ကောင်းကျိုးပြုနိုင်တာ ဖြစ်ပါတယ်။

 

သစ်ပင်တွေကင်းမဲ့လာလေ ခြောက်သွေ့တဲ့ ပတ်ဝန်းကျင် ဖြစ်လာသလို လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာတွေလည်း စိုပြည်မှု ကင်းမဲ့လာတဲ့သဘောကို တွေ့ရတယ်။ သစ်ပင်တွေရှိတဲ့ ဆေးရုံ တွေရှိ လူနာတွေဟာ ဆေးရုံတက်နေချိန် တိုတောင်းခြင်း၊ ကျန်းမာလာခြင်းတွေ တွေ့ရပါတယ်။ သစ်ပင်တွေဟာ ဆူညံသံတွေကို စုပ်ယူတားဆီးနိုင်တာကြောင့် noise pollution ဆူညံသံညစ်ညမ်းမှုမှ ကာကွယ်ပေးပါတယ်။

 

မြတ်စွာဘုရားရှင်က နေ့နေ့ညည ကုသိုလ်ရနေတဲ့ ကုသိုလ် ခြောက်မျိုး - ဥယျာဉ်၊ သစ်ပင်၊ ရေချမ်းစင်၊ တံတား၊ ရေကန်၊ ကျောင်း ဆောက်လုပ်လှူဒါန်းခြင်းတွေဖြစ်တယ်ဟုလည်း ဆိုထားတော်မူပါတယ်။ ရှေးမြန်မာတွေက လူရယ် လို့ဖြစ်လာရင် သစ်ပင်သုံးပင်စိုက်ရမယ်။ တစ်ပင်က အတိတ်က ဆွေမျိုးတွေအတွက်၊ တစ်ပင်က အခုဘဝအတွက်၊ နောက်တစ်ပင်က နောက်မျိုးဆက်တွေအတွက်ဟု ဆိုကြပါတယ်။ သစ်ပင်တွေကို ချစ်မြတ်နိုးတတ်အောင်လည်း သင်ကြားပေး လေ့ရှိပါတယ်။ ဂျပန်ပြည်မှာ အငြိမ်းစားတွေကို ဥယျာဉ်စိုက်ပျိုးနည်း သင်တန်းတွေပေးပြီး ဥယျာဉ်စိုက်ပျိုးစေတာဟာ ပင်စင်စားတို့ ပိုမိုကျန်းမာ အသက်ရှည်လာတာကို တွေ့ရပါတယ်။

 

နောက်ဆက်တွဲထိန်းသိမ်းရန်တာဝန်

 

ကျွန်တော်တို့နိုင်ငံမှာ သစ်ပင်တွေဆုံးရှူံးကုန်ရတာဟာ အတော်စိတ်မချမ်းသာစရာ ဖြစ်ပါတယ်။ ဝမ်းနည်းနေရုံနဲ့ သစ်ပင်တွေ ပြန်ရှင်လာမှာမဟုတ်ပါဘူး။ လက်တွေ့ လုပ်ကြဖို့ လိုပါတယ်။ ရှိပြီးသားသစ်ပင်တွေကို ရှင်သန်အောင် ထိန်းသိမ်းရပါမယ်။ သစ်ပင်တွေကိုလည်း စိုက်ပျိုးကြ၊ ရှင်သန်အောင် ထိန်းသိမ်းကြရပါမယ်။ အထူးသဖြင့် မျိုးဆက်သစ်လေးတွေ သစ်ပင်တွေကို ချစ်တတ်၊ ပြုစုစိုက်ပျိုးတတ်အောင် လေ့ကျင့် သင်ကြားပေးရပါမယ်။ မြို့ကြီးတွေကို ချဲ့ထွင်ရာမှာ သစ်ပင်တွေ စိုက်ပျိုးပေးတာ၊ green space ခေါ် ကြားကွက်လပ်တွေ ထားပေးတာတွေ လုပ်ပေးသင့်ပါတယ်။ သစ်ပင်တွေဟာ လူသားတွေနဲ့ ဇီဝမျိုးတွေအားလုံးကို ကျန်းမာသက်ရှည်စေတာကြောင့် ခင်မင်ဖွယ်မိတ်ဆွေတွေ ဖြစ်ကြပါတယ်။ မိုးရာသီရောက်လာရင် သစ်ပင်စိုက်ပျိုးပွဲတွေကို ကျင်းပလေ့ရှိကြပါတယ်။ ဆိုင်းသံဗုံသံတွေနဲ့ ပျော်ပျော်ပါးပါးစိုက်ကြ၊ ဓာတ်ပုံတွေ ရိုက်ကြ၊ သတင်းထဲထည့်ကြ ပြီးရင် သစ်ပင်ကလေးတွေခမျာ မျက်နှာငယ်ငယ်နဲ့ ကျန်ရစ်ခဲ့ရလေ့ရှိပါတယ်။ ထိန်းသိမ်းမယ့်သူမရှိ၊ ရေလောင်းပေါင်းသင်မယ့်သူမရှိဘဲ သစ်ပင်ကလေး တွေများစွာ ဆုံးရှုံးခဲ့ရတာကို တွေ့ခဲ့ရဖူးပါတယ်။ သစ်ပင်တွေ ကို ချစ်ကြ၊ ရှင်သန်အောင် စိုက်ပျိုးကြ၊ ထိန်းသိမ်းကြဖို့၊ အားစိုက်ကြဖို့ လိုပါတယ်။

 

၅-၅-၂၀၁၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာမှာ နေပြည်တော်စိမ်းလန်းစိုပြည်ရေး သစ်ပင် စိုက်/ထိန်း ကော်မတီများ ရွေးချယ်ဖွဲ့စည်းပြီး လက်တွေ့ အကောင်အထည် ဖော်မယ့်အကြောင်း ဖတ်ရပါတယ်။ သစ်ပင်ပျိုးပင်ပေါင်း လေးသိန်းကျော်စိုက်ပျိုးဖို့ လျာထားပြီး အလှူငွေကျပ် ၆၃ သိန်း မတည်လှူဒါန်းခြင်း၊ ဆပ်ကော်မတီရှစ်ဖွဲ့မှာ စည်းရုံး လှုံ့ဆော်ရေး၊ စိုက်ပျိုးရေး၊ ဘဏ္ဍာငွေရှာဖွေစုဆောင်းရေး၊ ထောက်ပံ့ရေး၊ မြေပြင်စစ်ဆေးရေး၊ ပြည်သူပါဝင်သော လုပ်ငန်းစဉ်၊ မြေနေရာရွေးချယ်အတည်ပြုရေး၊ စိုက်ပျိုးပြီး သစ်ပင်တွေ ထိန်းသိမ်းရေးလုပ်ငန်းနဲ့ စာရင်းစစ်ဆေးရေး ဆပ်ကော်မတီများ ပါဝင်ကြောင်း သိရပါတယ်။ အခုလို စနစ်တကျစိုက်ပျိုးမယ်၊ စောင့်ရှောက်ကြမယ်ဆိုရင် နောင်မျိုးဆက် လေးတွေခေတ်မှာ တစ်နိုင်ငံလုံး စိမ်းလန်းစိုပြည်လာမယ်လို့ ထင်ပါတယ်။ မျိုးဆက်လေးများကို ကျွန်တော်တို့တစ်တွေ ပေးနိုင်ခဲ့မယ့် ကောင်းတဲ့အမွေ ဖြစ်ပါလိမ့်မယ်။ သစ်ပင်ကလေးတွေ ရှင်သန်ဝေဆာနေအောင် တစ်နိုင်ငံလုံး သစ်ပင်ရှင်သန်ရေး ဆောင်ရွက်ကြသင့်ကြောင်းပါခင်ဗျား။ ။

 

ဒေါက်တာ မြင့်သန်း (ညောင်လေးပင်)