၂၁ မေ
ကျွန်တော်တို့နေထိုင်တဲ့ ယနေ့ကမ္ဘာကြီးမှာ မလုံခြုံမှုတွေ များလာနေပါပြီ။ ကမ္ဘာကြီး မလုံမခြုံဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီးရှိတဲ့အနက် နည်းပညာလုံခြုံမှု ကျိုးပေါက်မှုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ကျန်တဲ့ရာသီဥတုနဲ့ဆိုင်တဲ့ မလုံမခြုံဖြစ်မှုတွေ၊ သဘာဝဘေးအ္တရာယ်နဲ့ပတ်သက်ပြီး ဖြစ်ပေါ်နေတဲ့ မလုံခြုံမှုတွေ အများကြီးရှိပါတယ်။ သို့သော်လည်း ယခုခေတ်မှာ နည်းပညာအံ့မခန်းတိုးတက်လာတာနဲ့အညီ သူ့ရဲ့နောက်ကွယ်ကဖြစ်ပေါ်နေတဲ့ နည်းပညာလုံခြုံမှု ကျိုးပေါက်မှုကလည်း ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်လို့နေပါတယ်။
စိုးရိမ်မှုတွေ လိုက်ပါမြင့်တက်
ယနေ့ ကျွန်တော်တို့နေထိုင်တဲ့ ကမ္ဘာကြီးမှာ နည်းပညာ ကျိုးပေါက်မှုလို့ဆိုတဲ့နေရာမှာ ဆိုက်ဘာလုံခြုံရေး ကျိုးပေါက်မှုဟာ အတော်များလာတဲ့ကိစ္စပဲ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာ့ အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့အစည်းတွေ၊ တခြားကုမ္ပဏီအဖွဲ့ အစည်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊ လူမှုအဖွဲ့အစည်းတွေဟာ ကွန်ပျူတာနဲ့ လွတ်ကင်းတယ်လို့ မရှိပါဘူး။ တိုးတက်ပြောင်းလဲလာတဲ့ နည်းပညာခေတ်ကြီးမှာ သူတို့လည်း လိုက်ပါ ပြောင်းလဲလာခဲ့ကြပါတယ်။ အဲဒီလို လိုက်ပါပြောင်းလဲလာတာနဲ့အတူ စိုးရိမ်မှုတွေလည်း လိုက်ပါမြင့်တက်လျက် ရှိပါတယ်။
ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ခဲ့
ယခင်က နည်းပညာမဖွံ့ဖြိုးခင်မှာ တစ်ယောက်နဲ့တစ်ယောက်၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ အုပ်စုတစ်စုနဲ့တစ်စု၊ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ သတင်းအချက်အလက်တွေ ဖလှယ်တာတို့၊ သတင်းစကား စာလွှာပါးတဲ့နေရာတို့မှာ စာတိုက်ကတစ်ဆင့် ပေးပို့ ခဲ့ရသလို ကြေးနန်းတွေနဲ့လည်း ဆက်သွယ်မှုတွေ လုပ်ခဲ့ရပါတယ်။ အချိန်တွေလည်း အများကြီး ကုန်ပါတယ်။ မလုံမခြုံ ဖြစ်မှုတွေလည်း မရှိသလောက်ပါပဲ။ သို့သော်လည်း ထောက်လှမ်းမှုဆိုင်ရာ သတင်းပေါက်ကြားမှုတွေ၊ ကြားဖြတ် ဖမ်းယူမှုတွေ သူ့ခေတ်သူ့အခါနဲ့တော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် ဒီနေ့ခေတ်လောက်တော့ မဆိုးခဲ့ပါဘူး။ ဒီနေ့ခေတ်မှာ ဆိုက်ဘာကျိုးပေါက်မှုတွေဟာ ပြောမဆုံးပေါင် တောသုံးတောင်ဖြစ်ခဲ့ပါတယ်။
ဖေ့စ်ဘွတ် သတင်းအချက်အလက် ပေါက်ကြားမှု
အဲဒီထဲကမှ တစ်ခုကတော့ သိပ်မကြာခင်ကမှ ဖြစ်ပွားခဲ့တဲ့ ဖေ့စ်ဘွတ်အချက်အလက် ပေါက်ကြားမှုဖြစ်ပါတယ်။ ဖေ့စ်ဘွတ်မှာ အချက်အလက်ပေါက်ကြားခဲ့တာနဲ့ ပတ်သက်ပြီးတော့ လွန်ခဲ့တဲ့နှစ် မတ် ၁၉ ရက်မှာ ကမ္ဘာ့အကြီးဆုံး လူမှုကွန်ရက်ကုမ္ပဏီအနေနဲ့ စတော့ဈေးနှုန်း ၇ ရာခိုင်နှုန်းအထိ လျော့ကျသွားခဲ့တယ်လို့ ယခင်ကဖော်ပြခဲ့ပြီး အဲဒါဟာ လေးနှစ်တာကာလအတွင်းမှာ အနိမ့်ဆုံးအဆင့်တစ်ခုသို့ ကျဆင်းခဲ့တာပဲ ဖြစ်ပါတယ်။
“ဒီတစ်ခါ သတင်းအချက်အလက် ပေါက်ကြားမှုဖြစ်တာကတော့ ဖေ့စ်ဘွတ်ပါ။ သို့သော်လည်း တခြားနည်းပညာ ကုမ္ပဏီတွေလည်း ဖြစ်သွားနိုင်ပါတယ်လို့ နည်းပညာ စောင့် ကြည့်လေ့လာသူ ရော့ဘ်အန်ဒါလီက ပြောခဲ့ပါတယ်။ ဒါဟာ ကမ္ဘာတစ်ဝန်းရှိ နည်းပညာကုမ္ပဏီတွေကြားမကြာခဏ ဖြစ်တဲ့ကိစ္စလည်းဖြစ်ပါတယ်”လို့ သူက ဆက်ပြီးပြောခဲ့ပါတယ်။ လွန်ခဲ့တဲ့နှစ် မတ် ၂၆ ရက်လောက်က အသုံးပြုသူ သန်း ၅၀ ကျော်ရှိတဲ့ ဖေ့စ်ဘွတ်ဟာ သူ့ရဲ့ဈေးကွက်တန်ဖိုး ၁၄ ရာခိုင်နှုန်းလောက် ကျဆင်းသွားတာကို တွေ့ရပါတယ်။ အသုံး ပြုသူတွေရဲ့ ယုံကြည်မှုကို ချိုးဖောက်ခံလိုက်ရတာဖြစ်ပြီး အခု အခါမှာတော့ အဲဒီလိုမဖြစ်အောင် အကောင်းဆုံးလုပ်ဆောင် နေပါတယ်လို့ ဇူကာဘတ်က လူသိရှင်ကြား ကတိပေးခဲ့ပြီ ဖြစ်ပါတယ်။
ဆိုးကျိုးနဲ့ ကောင်းကျိုးတူယှဉ်တွဲ
ဖုန်းတွေ၊ Apps တွေ၊ ဝက်ဘ်ဆိုက်တွေဟာ နေ့စဉ် လူနေမှုဘဝတွေမှာ ခွဲထားလို့ မရတော့ပါဘူး။ သူတို့ကိုလျစ်လျူရှုထားရင် မျက်စိပိတ်၊ နားပိတ်ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ဟာ ယနေ့လူတွေရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်လာပါတော့တယ်။ ထို့အတူပဲ ဒီနည်းပညာတွေဟာ လူသားတွေအတွက် ကောင်းကျိုးပြုသလို တစ်ဖက်ကလည်း ဆိုးကျိုးတွေ ဖြစ်သွားနိုင်ပါတယ်။ဖေ့စ်ဘွတ် သတင်းအချက်အလက် ပေါက်ကြားမှုကို ကြည့်ရင် အသုံးပြုသူတွေရဲ့ ယုံကြည်မှုတွေ အလွဲသုံးစားခံလိုက် ရတာကိုတွေ့ရမှာပါ။ သို့သော်လည်း ယနေ့ခေတ်မှာ အသုံးပြု သူတွေဟာ နည်းပညာရဲ့ သားကောင်တွေ ဖြစ်မှန်းမသိ ဖြစ်ခဲ့ရပါတယ်လို့ Center for Humane Technology မှ တာဝန်ရှိသူတွေက ပြောခဲ့ပါတယ်။
ကျိုးပေါက်မှု ဖန်တီးသလိုဖြစ်
အနည်းဆုံး လူနှစ်ဘီလီယံလောက်ဟာ အဲဒီလို နည်းပညာတွေကို တွင်တွင်ကျယ်ကျယ် အသုံးပြုလာကြတော့ နည်းပညာ ကုမ္ပဏီတွေဟာ မမျှော်လင့်ဘဲ အမှုမဲ့အမှတ်မဲ့နဲ့ သူတို့ရဲ့ လူမှုရေးတစ်ခုလုံးကို ထိတွေ့ခွင့်တွေ၊ စီမံခွင့်တွေရသလို ဖြစ်ခဲ့ပါတယ်။ အဲဒါတွေကလည်း ယနေ့ခေတ် နည်းပညာအသုံးပြုသူတွေရဲ့ အချက်အလက်တွေ ကျိုးပေါက်ဖို့အတွက် အခြေအနေတွေ ဖန်တီးပေးလိုက်သလိုပါပဲ။ နောက်တစ်ခါ ထိတ်လန့်စရာအကောင်းဆုံး လျှို့ဝှက်ချက် ဖော်ထုတ်နိုင်မှုကတော့ ၂၀၁၃ ခုနှစ် ဩဂုတ်လမှာ ဖြစ်ပွားခဲ့တဲ့ ဆိုက်ဘာကျူးလွန်မှုဖြစ်ပြီး အဆိုပါကိစ္စတွင် ရာဟူးအသုံးပြုသူ သုံးဘီလီယံခန့်ရှိကာ အကောင့်များ မလုံမခြုံဖြစ်ခဲ့ရပါတယ်လို့ လွန်ခဲ့တဲ့ အောက်တိုဘာလကတည်းက ရာဟူးက ကြေညာခဲ့ပါတယ်။
အိုင်တီကျွမ်းကျင်သူ ထက်ဝက်လောက်ရဲ့ လက်တွေ့ လေ့လာမှုတွေက ဘာကိုပြောသလဲဆိုရင် ယနေ့ခေတ်ဟာ ခြိမ်းခြောက်မှုအသစ်တွေနဲ့ ဆိုက်ဘာတိုက်ခိုက်လာမှုတွေအပေါ် အပြည့်အဝနားလည်ဖို့အတွက် အဓိကစိန်ခေါ်မှုတွေ ဖြစ်လို့လာခဲ့ပြီလို့ ပြောခဲ့ပါတယ်။ ဆိုလိုတာကတော့ ဆိုက်ဘာတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ဆိုရင် အဲဒီအပေါ် အပြည့်အဝ နားလည်ဖို့ လိုအပ်ပါတယ်။
အဖွဲ့အစည်းတွေ ဆိုက်ဘာတိုက်ခိုက်ခံရ
အပတ်စဉ်အပတ်တိုင်း ဘဏ်တွေ၊ ကျန်းမာရေး အဖွဲ့အစည်းတွေ၊ ယုတ်စွအဆုံး ကျောင်းတွေအပါအဝင် ပုံသဏ္ဌာန် အရွယ်အစားအမျိုးမျိုးရှိ အဖွဲ့အစည်းတွေကို အဓိကထားပြီး ဆိုက်ဘာတိုက်ခိုက်မှုတွေ ပြုလုပ်လျက်ရှိတာကို လေ့လာတွေ့ရှိခဲ့ ပါတယ်။ ဆိုက်ဘာတိုက်ခိုက်ခံရတာကြောင့် ဘဏ်တွေရဲ့ ကွန်ပျူတာစနစ်တွေ ကမောက်ကမဖြစ်ခဲ့ပြီး သန်းပေါင်းများစွာ ဆုံးရှုံးခဲ့ရတဲ့ ဥပမာတွေရှိခဲ့သလို အစိုးရဌာနတွေရဲ့ သတင်းအချက်အလက် ကျိုးပေါက်မှုတွေလည်း ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ အစိုးရအဖွဲ့တွေမှာ ဆိုက်ဘာကျိုးပေါက်မှုမဖြစ်အောင် အကောင်အထည်ဖော် လုပ်ဆောင်လျက်ရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။
ဆိုက်ဘာတိုက်ခိုက်မခံရရေး
ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း ဆိုက်ဘာကျိုးပေါက်မှုမှ ကာကွယ်နိုင်ဖို့ သက်ဆိုင်ရာဌာနတွေမှာ အကောင်အထည်ဖော် လုပ်ဆောင်နေတာကို မျက်ဝါးထင်ထင် တွေ့ မြင်ရမှာဖြစ်ပါတယ်။
ဟက်ကာသမားတွေက ဘယ်လိုရည်ရွယ်ချက်နဲ့ အခုလို ဆိုက်ဘာတိုက်ခိုက်မှုတွေ လုပ်ဆောင်နေရသလဲဆိုတာ မသိပေမယ့် အဲဒီလို ဖောက်ထွင်းတိုက်ခိုက်ခြင်းခံရတဲ့ ယုတ်စွအဆုံး ကျောင်းတွေအပါအဝင် ပုံသဏ္ဌာန်အရွယ်အစား အမျိုးမျိုးရှိ အဖွဲ့အစည်းတွေ၊ ကမ္ဘာ့အဖွဲ့အစည်းတွေ၊ အစိုးရအဖွဲ့ အစည်းတွေ၊ တခြားကုမ္ပဏီအဖွဲ့အစည်းတွေ၊ ဘဏ်လုပ်ငန်းတွေ၊ လူမှုအဖွဲ့အစည်းတွေရဲ့ လုပ်ဆောင်မှုတွေ အများဆုံး နှောင့်နှေးကြန့်ကြာခဲ့ရသလို အရေးကြီးတဲ့ အချက်အလက်တွေလည်း ဆုံးရှုံးကျိုးပေါက်ခဲ့ရပါတယ်။
ပြောင်းလဲဖြစ်ပေါ်လာတဲ့ ဆိုက်ဘာခြိမ်းခြောက်ခြင်း သို့မဟုတ် ဆိုက်ဘာကျိုးပေါက်ခြင်းရဲ့ အခင်းအကျင်းကို သုံးသပ်ရမယ်ဆိုရင် အဖွဲ့အစည်းတွေအနေနဲ့ ပေါင်းစပ်ညှိနှိုင်းမှုတွေ အားမနည်းအောင် ဘယ်လိုညှိနှိုင်းဆောင်ရွက်မလဲ ဆိုတာနဲ့ ဆိုက်ဘာခြိမ်းခြောက်မှုအန္တရာယ်ကို စီမံခန့်ခွဲနိုင်ဖို့ လိုအပ်ပါကြောင်း။ ။
ထွန်းသစ်စ
ကိုးကား - ချန်နယ်နယူးအေးရှ