၂၁  မေ

 

အပြာရောင်ကမ္ပည်းပြားဆိုသည်မှာ လူအများနှင့်သက်ဆိုင်သော နေရာတို့တွင် ထိုနေရာနှင့်ဆက်စပ်နေသည့် သမိုင်းဝင် ပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များအကြောင်းကို ဖော်ပြ၍ မြို့ပြ၏အမှတ်အသားတစ်ခုအဖြစ် တပ်ဆင်ထားရှိသည့် အထိမ်းအမှတ်တစ်ခုပင်ဖြစ်သည်။ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းသည် ရန်ကုန်မြို့၏သမိုင်းကို အထိရောက်ဆုံးနှင့် ထင်သာမြင်သာအရှိဆုံး ဖော်ပြနိုင်သောနည်းလမ်းများထဲမှ ပြယုဂ်တစ်ခုလည်းဖြစ်သည်။

 

အများပြည်သူနှင့် တိုက်ရိုက်ထိတွေ့နိုင်မည်ဖြစ်သော အဆိုပါ ကမ္ပည်းပြားတပ်ဆင်ထားသည့် မြို့ ပြအမွေအနှစ်များကို ထိန်းသိမ်းထားခြင်းမှတစ်ဆင့် ရန်ကုန်မြို့ ပြ၏သမိုင်းကြောင်းကို ပြည်သူတို့ သိရှိရုံသာမက နိုင်ငံခြားသား ခရီးသွားများကိုလည်း ဆွဲဆောင်နိုင်စေသောကြောင့် မြို့ပြအမွေအနှစ်များသည် ထိုနိုင်ငံထင်ပေါ်ကျော်ကြားရန် လက်ဆင့်ကမ်း သင်းပျံ့စေမည့် ပန်းရနံ့သဖွယ်လည်းဖြစ်သည်။

 

ရန်ကုန်မြို့၏ အထင်ကရ အမွေအနှစ်နေရာများတွင် အထိမ်းအမှတ် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်ခြင်းကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ ကူညီမှု၊ အလှူရှင်တို့၏ ထည့်ဝင်မှုဖြင့် ရန်ကုန်မြို့ ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့(Yangon Heritage Trust -YHT) က တာဝန်ယူ ဖော်ဆောင်လျက်ရှိသည်။ YHT အဖွဲ့ကို မြန်မာနိုင်ငံတွင် အပြောင်းအလဲများဖြစ်ပေါ်လာချိန် ၂၀၁၂ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။

 

town yangon 002

 

ယခင်က မြို့ပြဆိုင်ရာ စည်းမျဉ်းဥပဒေဖြင့် ထိန်းသိမ်းမှုအားနည်းခဲ့ခြင်းကြောင့် လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း သမိုင်းဝင်အဆောက်အအုံများ ဆုံးရှုံးခဲ့ရသလို ရန်ကုန်မြို့၏ မြို့ ပြအမွေအနှစ် အဆောက်အအုံများ အများဆုံးတည်ရှိရာ ကမ်းနားလမ်းတစ်လျှောက်တွင်လည်း နေ့စဉ်ဖြတ်သန်း သွားလာနေသော ယာဉ်ကြီးများ၏ တုန်ခါမှုကြောင့် အဆောက်အအုံများ ထိခိုက်ပျက်စီးလာနိုင်သည့် အခြေအနေကို ကြုံတွေ့ ခဲ့ရသည်။

 

ထိုသို့ မြို့ ပြအမွေအနှစ် အဆောက်အအုံများ အချိန်တိုအတွင်း ပျက်စီးလာနိုင်မှုကို အချိန်မီ ထိန်းသိမ်းစောင့်ရှောက် သည့်အနေဖြင့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပြီးနောက် အဖွဲ့က အဆောက်အအုံများတွင် အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်၍ ထိန်းသိမ်းစောင့်ရှောက်လာခဲ့ကာ ယခုတိုင်လည်း ထိန်းသိမ်းစောင့်ရှောက်လျက်ရှိသည်။

 

ရှိန်အဟုန်ဖြင့်တိုးတက်လာသည့် နည်းပညာတို့ကြောင့် ရုပ်ဝတ္ထုပစ္စည်းများ ဖွံ့ ဖြိုးလာချိန်တွင် မြို့ ပြများတွင်ကျန်ရှိသော ရှေးဟောင်းအဆောက်အအုံ၊ ယဉ်ကျေးမှုအမွေအနှစ်များနှင့် ပြန်လည်အစားထိုး၍မရသော ရှေးဟောင်း အဆောက်အအုံများ၊ ရှုခင်းအလှအပများကို ခြိမ်းခြောက်မှုများ ရှိလာသဖြင့် ယခုလို မြို့ပြအမွေအနှစ် ရှေးဟောင်း အဆောက်အအုံများကို အပြာရောင်ကမ္ပည်းပြားများ တပ်ဆင်၍ ထိန်းသိမ်းစောင့်ရှောက်နေမှုအပေါ် ပြည်သူများကလည်း အားရကျေနပ် ထောက်ခံလျက်ရှိသည်။

 

မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးနှင့် ဖွံ့ ဖြိုး တိုးတက်ရေးကို ဟန်ချက်ညီစွာ လုပ်ဆောင်ခြင်းဖြင့် ရန်ကုန်မြို့ကို အာရှ၏ လှပပြီး နေချင်စဖွယ်ကောင်းသော မြို့တစ်မြို့အဖြစ် ပြန်လည်မြင်တွေ့နိုင်မည်လည်းဖြစ်သည်။ ထို့ကြောင့် မြို့ ပြအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပြည်သူအများကလည်း လက်တွဲကူညီခြင်း၊ စီမံခန့်ခွဲရေးဆိုင်ရာ မူဝါဒများချမှတ်ရာတွင် အကြံပြုခြင်းတို့ဖြင့် ပူးပေါင်းပါဝင်ကြသင့်သလို တာဝန်ရှိသူများကလည်း အမွေ အနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးဆိုင်ရာ သင်တန်းများ ဖော်ဆောင်၍ အများပြည်သူအား အသိပညာပေးခြင်းတို့ကို ဆောင်ရွက်သွားရန်လည်း လိုအပ်မည်ဖြစ်သည်။

 

ရန်ကုန်မြို့ ၌ အပြာရောင်ကမ္ပည်းပြား တပ်ဆင်ခြင်းကို ၂၀၁၄ ခုနှစ်က ရန်ကုန်မြို့တော်ခန်းမကြီးတွင် တပ်ဆင်ခြင်းဖြင့် စတင်ခဲ့ပြီး ၂၀၁၉ ခုနှစ်တွင် ၂၉ ခုမြောက်အဖြစ် ဗဟိုအမျိုးသမီးဆေးရုံကြီး၌ တပ်ဆင်ခဲ့ကာ အခု ၃၀ မြောက် အဆောက်အအုံအဖြစ် ပြည်လမ်းရုရှားသံရုံးရှေ့ရှိ ပဲခူးကလပ် (Pegu Club) အဆောက်အအုံကို ယခု မေလ ကုန်ပိုင်းတွင် အပြာရောင်ကမ္ပည်းပြား တပ်ဆင်နိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ပဲခူးကလပ်အဆောက်အအုံမှာ ၁၈၈၀ ပြည့်နှစ်က ဆောက်လုပ်ခဲ့သော အဆောက်အအုံဖြစ်ပြီး ဗစ်တိုးရီးယားခေတ်လက်ရာများဖြင့် ဆောက်လုပ်ထားခြင်း ဖြစ်သည်။

 

ရန်ကုန်မြို့သည် ကိုလိုနီခေတ်မှစ၍ မြန်မာနိုင်ငံ၏ မြို့တော်ဖြစ်ခဲ့ရာ ခေတ်အဆက်ဆက် ဖြတ်သန်းခဲ့သော သမိုင်းပုံရိပ်များကို ဗိသုကာလက်ရာ အမျိုးမျိုးတို့ဖြင့် ဆောက် လုပ်ထားသည့် မြို့ ပြအဆောက်အအုံများက ဖော်ပြလျက် ရှိသည်။ အဆိုပါ ခေတ်အဆက်ဆက် ဗိသုကာလက်ရာများကို ယနေ့တိုင် တွေ့မြင်နေရသည်မှာ အံ့ဩဂုဏ်ယူဖွယ် ဖြစ်သော်လည်း ယနေ့ခေတ် မြို့ ပြဖွံ့ ဖြိုးတိုးတက်မှု လှိုင်းလုံးအောက် တွင် ရှေးဟောင်းယဉ်ကျေးမှုနှင့် ဗိသုကာလက်ရာ အမွေအနှစ်များ တိမ်ကောပျောက်ကွယ်ရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရလျက်ရှိသည့်အပြင် သဘာဝဘေးအန္တရာယ်နှင့် လူသားများဖန်တီးသော ပဋိပက္ခများကြောင့်လည်း ပြန်လည်အစားထိုး၍မရသော နိုင်ငံ့အမွေအနှစ်များ ပျက်စီးလျော့ပါး လာသည်ကို သတိပြုမိကြမည်ဖြစ်သည်။

 

မြို့ပြအမွေအနှစ်လက်ရာများ အများအပြားရှိခဲ့သော၊ ရှိနေဆဲဖြစ်သော ရန်ကုန်မြို့တွင် အသစ်ထပ်မံတည်ဆောက် လိုက်သော ဖွံ့ဖြိုးတိုးတက်လာသည့် မြို့ ပြအဆောက်အအုံ တို့နှင့်အတူ မြို့ ပြ၏ မူလအမွေအနှစ် အဆောက်အအုံများကို တစ်ပြိုင်တည်း စောင့်ရှောက်ထိန်းသိမ်းနိုင်ခြင်းဖြင့် ခေတ်အဆက်ဆက် ဗိသုကာလက်ရာများကို စုစည်းထိန်းသိမ်းထား နိုင်သော စိတ်ဝင်စားစရာ မြို့တော်ကြီးတစ်ခုအဖြစ် ပေါ်ထွန်းလာမည်ဖြစ်သည်။

 

ခေတ်အဆက်ဆက်တည်ရှိခဲ့သော ရန်ကုန်မြို့ပြ၏ ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းစောင့်ရှောက်နေသည့် ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT)အနေဖြင့်လည်း မြို့ပြအမွေအနှစ်များကို နည်းမှန်လမ်းမှန်ဖြင့် ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် ပြည်သူလူထု အသိပညာပေးလုပ်ငန်းများကို ဖော်ဆောင်ခြင်းဖြင့် ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုလည်း ပိုကောင်းလာကာ မြို့ ပြယဉ်ကျေးမှုအမွေအနှစ်များကို ပျက်စီးလျော့ပါးစေမည့် ခြိမ်းခြောက်မှုများမှ ပိုမိုကင်းဝေးစေမည်ဖြစ်သည်။ သို့ဖြစ်ရာ မြို့ပြအမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့နှင့် ပြည်သူလူထုပူးပေါင်း၍ ရန်ကုန်မြို့တော်၏ မြို့ ပြအနာဂတ်လှပဖို့ ဝိုင်းဝန်းထိန်းသိမ်းကြပါစို့ဟု တိုက်တွန်းရေးသား လိုက်ရပါသည်။ ။

 

မောင်သင်းပျံ့၊ ဓာတ်ပုံ - ဇွဲမာန်