ရန်ကုန် ၂၁ မေ
အများပြည်သူအား စိတ်ချယုံကြည်ရသော လေယာဉ်စီးခရီးသွား ဝန်ဆောင်မှုပေးနိုင်စေရန် လေကြောင်းလိုင်းများ အနေဖြင့် လေယာဉ်စစ်ဆေးမှုများကို နေ့စဉ်ဆောင်ရွက်နေရပြီး လေယာဉ်မှူးနှင့် လေယာဉ်ဝန်ထမ်းများ၏ အရည်အသွေး စစ်ဆေးမှုကိုလည်း အသက်အပိုင်းအခြားအလိုက်၊ သတ်မှတ်ကာလအလိုက် စစ်ဆေးခံကာ လေယာဉ်မောင်းလိုင်စင် ပြန်လည်လျှောက်ထားရသည့် စနစ်များဖြင့် ဝန်ဆောင်မှုပေးနေကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“လေယာဉ်ပိုင်းလော့တွေက လေယာဉ်မောင်းသင်တန်းဆင်းပြီးတာနဲ့ လေယာဉ်တွေကို တစ်သက်လုံး မောင်းလို့မရပါဘူး။ လေယာဉ်မှူးတွေဟာ အသက် ၄၀ အထက်မှာ တစ်နှစ်ကိုတစ်ခါ လေယာဉ်မောင်းနှင်မှုတွေနဲ့ ကျန်းမာရေးစစ်ဆေးမှုတွေကို စစ်ဆေးခံရတယ်၊ အရေးပေါ်လေယာဉ် ဆင်းသက်မှုတွေ၊ အခက်အခဲတွေကို စီမြူလိပ်တာနဲ့ရော လက်တွေ့ လေယာဉ်တွေနဲ့ပါ အစစ်ဆေးခံရတယ်။ ကျေညက်အောင် လေ့ကျင့်ရပါတယ်။ လေယာဉ်မှူးကနေစပြီး လေယာဉ်သားအထိ သူ့တာဝန်နဲ့သူ လေ့ကျင့်ရတယ်။ အစစ်ဆေးခံရပါတယ်။ ပြီးတော့မှ DCA မှာ လေယာဉ်မောင်းလိုင်စင် ပြန်လျှောက်ရတာပါ။ အသက် ၆၀ ကျော်တဲ့သူတွေဆိုရင် သုံးလတစ်ခါ ဆေးပြန်စစ်ရတယ်။ လိုင်စင်ပြန်လျှောက်ရပါတယ်။ ကျွန်တော်တို့ဆီက ဘိုးရင်းပိုင်းလော့တွေဆိုရင် စင်ကာပူမှာ စီမြူလိပ်တာ သွားတက်ရတယ်။ Enbar လေကြောင်းလိုင်းက ပိုင်းလော့တွေဆို ဇူဟိုင်းမှာသွားတက်ရတယ်။ ART ဆိုရင် ဗန်ကောက် Air Way မှာ ခြောက်လတစ်ကြိမ် သွားတက်ရပါတယ်။ အဓိကကတော့ အရေးပေါ်ကြုံတွေ့ရချိန်မှာ စီမြူလိပ်တာမှာ အကြိမ်ကြိမ်အခါခါ လေ့ကျင့်စစ်ဆေးခံယူပြီးသားဖြစ်အောင် တက်ရတာပါ။ ဒါတွေက အခုလေယာဉ်မှူးကြီး ဦးမြတ်မိုးအောင်နဲ့ လေယာဉ်အဖွဲ့သားတွေ လက်တွေ့လုပ်ဆောင်နိုင်ခဲ့တာ အားလုံးအသိဖြစ်မှာပါ” ဟု မြန်မာအမျိုးသားလေကြောင်းလိုင်း အမှုဆောင်အရာရှိချုပ်(CEO) ကပ္ပတိန်ဦးသန်းထွန်းက ပြောသည်။
လက်ရှိတွင် ပြည်တွင်းလေကြောင်းလိုင်း ခုနစ်လိုင်းရှိနေပြီး အပြည်ပြည်ဆိုင်ရာ နိုင်ငံများသို့ ပျံသန်းပြေးဆွဲနေသော မြန်မာအမျိုးသားလေကြောင်းလိုင်းနှင့် အပြည်ပြည်ဆိုင်ရာ မြ ်မာလေကြောင်းလိုင်းတို့ရှိကြောင်း သိရသည်။
ပြည်ပနိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့လာရောက်ပြေးဆွဲနေသော လေကြောင်းလိုင်းများပါဝင်လျှင် ပြည်ပ လေကြောင်းလိုင်းအနေဖြင့် စုစုပေါင်း ၃၁ လိုင်းရှိနေကြောင်း၊ ယခုနှစ်အတွင်း တရုတ်လေကြောင်းလိုင်း ငါးလိုင်းခန့် တိုးလာကြောင်း၊ ယင်းအပေါ် တရုတ်ခရီးသည်များ ဝင်ရောက်လာမှုရှိကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။
“နေ့စဉ် ပျံသန်းနေတဲ့လေယာဉ်တွေကို လုံခြုံစိတ်ချရအောင် စစ်ဆေးရတာက လေကြောင်းလိုင်းတွေမှာရှိတဲ့ အင်ဂျင်နီယာ စစ်ဆေးရေးအဖွဲ့တွေက မပျံသန်းမီ စစ်ဆေးနည်းအမျိုးမျိုးနဲ့ စစ်ဆေးနေတာပါ။ ဒါတွေက လေကြောင်းလိုင်းတွေက နေ့စဉ် မဖြစ်မနေလုပ်ရတဲ့ စစ်ဆေးမှုတွေပါ။ ဒီအပေါ်မှာ လေကြောင်းဦးစီးဌာန အနေနဲ့ကလည်း လေကြောင်းလိုင်းတွေကို စစ်ဆေးတာတွေလည်း ရှိတယ်။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ လေကြောင်းအဖွဲ့ကလည်း လာရောက်စစ်ဆေးတာတွေလည်း ရှိတယ်။ ဒါတွေကိုလက်ရှိမှာ အဓိကထားစစ်ဆေးနေတာက အပြည်ပြည်ဆိုင်ရာ ကိုပြေးဆွဲနေတဲ့ MNA နဲ့အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်းလိုင်းတွေက စစ်ဆေးခံနေတာပေါ့။ ပြည်တွင်း လေကြောင်းလိုင်းတွေကိုလည်း DCA အနေနဲ့ စစ်ဆေးနေတာပါ။ အဓိကကတော့ ပြည်တွင်း၊ ပြည်ပ ခရီးသွား ပြည်သူတွေကို လုံခြုံစိတ်ချရတဲ့ ခရီးသွားဝန်ဆောင်မှုပေးနိုင်အောင် စဉ်ဆက်မပြတ်တော့ ဆောင်ရွက်ပေးနေတာပါ” ဟု လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်အောင်က ပြောသည်။
မြင့်မောင်စိုး