ဝါရှင်တန် ၂၁ မေ

အမေရိကန် အင်တာနက်ကုမ္ပဏီကြီးတစ်ခုဖြစ်သည့် ဂူဂဲလ်(Google) သည် အမျိုးသား လုံခြုံရေးဆိုင်ရာ  ခြိမ်းခြောက်မှုတစ်ခုဟု ယူဆသည့် တရုတ်နည်းပညာကုမ္ပဏီ ဟွာဝေးနှင့် အဆက်အသွယ်စတင်ဖြတ်တောက်နေပြီဖြစ်ကြောင်း မေ ၁၈ ရက်က ပြောကြားခဲ့သည်။

ဂူဂဲလ်ကုမ္ပဏီ၏ မိုဘိုင်းအန်းဒရွိုက်စနစ်သည် ကမ္ဘာ့စမတ်ဖုန်းအများစုကို ဩဇာလွှမ်းမိုးထားသည်။ တရုတ်နိုင်ငံနှင့် ကုန်သွယ်ရေးစစ်ပွဲအသွင် တင်းမာမှုများ ပေါက်ဖွားလျက် ရှိနေချိန်တွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် အမေရိကန် ကုမ္ပဏီများအနေဖြင့် အမေရိကန်၏ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်ရာ ရောက်နေသည့် ပြည်ပကုမ္ပဏီများနှင့် လုပ်ငန်းလုပ်ကိုင်ခွင့်ကို တားမြစ်ပိတ်ပင်ခဲ့သည်။ အမေရိကန်သည် တရုတ်ဆက်သွယ်ရေး ကုမ္ပဏီကြီးဖြစ်သည့် ဟွာဝေးကုမ္ပဏီကို ပစ်မှတ်ထားလျက် ထိုသို့ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များက ခွင့်ပြုချက်ပေးပြီးနောက်မှသာ အမေရိကန် ကုမ္ပဏီများအနေဖြင့် ဆက်သွယ်လုပ်ကိုင်ခွင့် ရရှိနိုင်မည်ဖြစ်သည်။ ပိတ်ပင်တားမြစ်ထားသည့်အထဲတွင် နည်းပညာဆိုင်ရာ ဝေမျှခြင်းလည်း ပါဝင်သည်။

မိမိတို့အနေဖြင့် အမိန့်အတိုင်း လိုက်နာဆောင်ရွက်နေခြင်းဖြစ်ပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာနိုင်သည့် ပြဿနာများကိုလည်း ပြန်လည်ဆန်းစစ်နေကြောင်း ဂူဂဲလ်ကုမ္ပဏီ ပြောရေးဆိုခွင့်ရှိသူက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

အခြားသော နည်းပညာကုမ္ပဏီများ အားလုံးကဲ့သို့ပင် ဂူဂဲလ်သည် ၎င်းတို့၏စနစ်များကို စမတ်ဖုန်းများနှင့် သဟဇာတဖြစ်အောင် စမတ်ဖုန်းကုမ္ပဏီများနှင့် ပူးပေါင်းလုပ်ဆောင်ရသည်ဖြစ်ရာ နောက်ဆက်တွဲပြဿနာများ ရှိလာနိုင်ကြောင်း သိရသည်။

ဂူဂဲလ်ကုမ္ပဏီသည် ဟွာဝေးကုမ္ပဏီနှင့် လုပ်ငန်းဆောင်ရွက်နေမှုများကို ရပ်နားလိုက်တော့မည်ဖြစ်ရာ ထိုသို့ရပ်နားမှုတွင် ဟာ့ဒ်ဝဲ၊ ဆော့ဖ်ဝဲနှင့် အများပြည်သူ မရရှိနိုင်သည့် နည်းပညာ ဝန်ဆောင်မှုများပါဝင်မည်ဟု ဆိုသည်။  ဆိုလိုသည်မှာ ဟွာဝေးကုမ္ပဏီသည် အန်းဒရွိုက်စနစ်၏ Open Source Version ကိုသာ အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း ယင်းဖြစ်ရပ်များနှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ခုက အေအက်ဖ်ပီသို့ ပြောကြားခဲ့သည်။

သို့ဖြစ်ရာ ဟွာဝေးကုမ္ပဏီအနေဖြင့် အီးမေးလ်ဝန်ဆောင်မှုကဲ့သို့  ဂူဂဲလ်၏ မူပိုင်ခွင့်နှင့်သက်ဆိုင်သည့် အက်ပလီကေးရှင်းနှင့် ဝန်ဆောင်မှုများကို ရရှိတော့မည် မဟုတ်ကြောင်း သိရသည်။

အေအက်ဖ်ပီ