မင်းဘူး ၂၁ မေ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်တွင် မေလ ၂၀ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က လေပြင်းတိုက်ခတ်မှုကြောင့် လူနေအိမ်များ၊ ဘာသာရေး အဆောက်အဦများနှင့် စာသင်ကျောင်းအချို့ အမိုးလန်ပျက်စီး၍ နွားသုံးကောင်သေဆုံးခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

လေပြင်းတိုက်ခတ်မှုကြောင့် မင်းဘူး(စကု)မြို့နယ်၊ အိုင်းမကျေးရွာအုပ်စု၊ အိုးပြင်မဲကျေးရွာတွင် နေအိမ် ၁ လုံးပြိုလဲခြင်း၊ နေအိမ် ၅ လုံးအမိုးလန်ပျက်စီးခြင်း၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ခြင်း၊ လက်ပံပင်ပြိုလဲရာမှ နွားသုံးကောင် သေဆုံးခြင်း၊ အိုင်းမကျေးရွာအုပ်စု၊ လက်ပတောကျေးရွာတွင် နေအိမ် ၁ လုံး ပြိုလဲခြင်း၊ နေအိမ် ၃ လုံး အမိုးလန်ခြင်း၊ ပန်းတောင်းကျေးရွာအုပ်စု၊ ပန်းတောင်းကျေးရွာတွင် နေအိမ် ၃၃ လုံး အမိုးလန်ပျက်စီးခြင်း၊ ဘာသာရေးအဆောက်အဦ ၁ လုံး အမိုးလန်ပျက်စီးခြင်း၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခြင်း၊ ဥယျာဉ်ကျေးရွာအုပ်စု၊ ဥယျာဉ်ကျေးရွာတွင် နေအိမ် ၁ လုံး အမိုးလန်ပျက်စီးခြင်း၊ ကိုင်းတောကြီးကျေးရွာအုပ်စု၊ ကိုင်းတောကြီးကျေးရွာတွင် နေအိမ် ၁ လုံး အမိုးလန်ပျက်စီးခြင်း၊ဘာသာရေး အဆောက်အဦ ၁ လုံး အမိုးလန် ပျက်စီးခြင်း၊ မကျီးသုံးပင်ကျေးရွာအုပ်စု၊ မကျီးသုံးပင်ကျေးရွာတွင် နေအိမ် ၆ လုံး အမိုးလန်ပျက်စီးခြင်း၊ ကိုင်းမကြီးကျေးရွာအုပ်စု၊ တင်ပြင်ခွေ ကျေးရွာတွင် နေအိမ်(၃)လုံး ပြိုလဲခြင်း၊ နေအိမ် ၄၀ လုံး အမိုးလန်ပျက်စီးခြင်း၊ ဘာသာရေး အဆောက်အဦ (၄)လုံး အမိုးလန်ပျက်စီးခြင်း၊ စာသင်ကျောင်း ၁ ကျောင်း အမိုးလန်ပျက်စီးခြင်း၊ စုစုပေါင်း နေအိမ်ပြိုလဲ ၅ လုံး၊ နေအိမ်အမိုးလန်(၈၉) လုံး၊ ဘာသာရေး အဆောက်အဦ(၇) လုံး၊ စာသင်ကျောင်း အမိုးလန် ၃ လုံး ပျက်စီးခဲ့ကြောင်း မင်းဘူး(စကု)မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် ပျက်စီးသွားသော နေအိမ်များနှင့် ဘာသာရေးအဆောက်အဦများနှင့် စာသင်ကျောင်းအချို့အား အမြန်ဆုံးပြန်လည်ပြုပြင်နိုင်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ခရိုင်မီးသတ်ဦးစီးမှူး၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၊ ဦးစီးမှူးတို့အဖွဲ့မှ ကွင်းဆင်းစစ်ဆေးခဲ့ပြီး သစ်ပင်သစ်ကိုင်းများအား ရှင်းလင်းပေးခြင်း၊ ပြိုလဲပျက်စီးနေအိမ်များအား ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူပေါင်း၍ ပြန်လည်ပြင်ဆင် ပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
ကျော်စိုးဝင်း( မင်းဘူး)
