၂၁ မေ
ပြီးခဲ့သည့် ဧပြီလက ကျင်းပသော အင်ဒိုနီးရှားနိုင်ငံ သမ္မတ ရွေးကောက်ပွဲတွင် သမ္မတ ဂျိုကို ဝီဒိုဒို သည် ဒုတိယသက်တမ်းအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခံခဲ့ရသည်။
တရားဝင်ရလဒ်အရ သမ္မတ ဂျိုကို သည် ဆန္ဒမဲ ၅၅ ဒသမ ၅ ရာခိုင်နှုန်း ဖြင့် အနိုင်ရရှိခဲ့ကြောင်း အင်ဒိုနီးရှားနိုင်ငံ၏ ရွေးကောက်ပွဲကော်မရှင်က ယနေ့အစောပိုင်းက ထုတ်ပြန်ကြေညာခဲ့သည်။ ဂျိုကို၏ စိန်ခေါ်ဖက် အငြိမ်းစား ကြည်းတပ်ဗိုလ်ချုပ်ကြီး ပရာဘိုဝို ဆူဘီရမ်တို သည် ဧပြီ ၁၇ ရက်နေ့ ရွေးကောက်ပွဲတွင် ဆန္ဒမဲ ၄၄ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ကြောင်း သိရသည်။
ဂျိုကိုသည် သူ၏ ပထမဆုံးသက်တမ်းကာလအတွင်း အခြေခံအဆောက်အအုံ စီမံကိန်းများ အကောင်အထည်ဖော်ခြင်း၊ တိုင်းပြည်တွင်းသို့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုများကို ဆွဲဆောင်ခြင်းနှင့် နှစ်စဉ်စီးပွားရေးတိုးတက်မှု ငါးရာခိုင်နှုန်းခန့် ရရှိခြင်းတို့ကြောင့် လူထုထောက်ခံမှု အပြတ်အသတ်ရရှိခဲ့သည်။
ပရာလိုဝိုသည် မဲရေတွက်ရာတွင် လိမ်လည်ထားကြောင်း အခိုင်အမာပြောဆိုကာ ဂျိုကို၏အောင်မြင်မှု လက်မခံပဲငြင်းဆိုခဲ့ပြီး ၎င်းထောက်ခံသူများကို လမ်းပေါ်ထွက် ဆန္ဒပြရန် တိုက်တွန်းခဲ့သည်။
အင်ဒိုနီးရှားအစိုးရ က ရဲတပ်ဖွဲ့ဝင် ၃၀ဝ၀ဝ ကျော်ကို တပ်ဖြန့်ထားခဲ့သည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို