မိတ္ထီလာ ၂၁ မေ
မိတ္ထီလာမြို့နယ် ဇောင်ချမ်းကုန်းကျေးရွာအုပ်စု မကျီးချောက်ကျေးရွာ၌ ဒေသခံများ စုပေါင်း၍ (၆)လက်မ အဝီစိစက်ရေတွင်းနှင့် ဂါလန် (၃၀ဝ၀)ဆံ့ အုတ်ရေကန် တူးဖော်တည်ဆောက်ခြင်း လုပ်ငန်းများပြီးစီး၍ သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
“ကျေးရွာအတွင်း၌ သောက်သုံးရေ အခက်အခဲမရှိစေရန်အတွက် ကျေးရွာရေကော်မတီမှ ဦးဆောင်၍ ရွာသူရွာသားများမှ စုပေါင်းပြီး ဆည်မြောင်းနှင့် ရေးအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန(ရေအရင်းအမြစ်)၏ နည်းပညာ ပံ့ပိုးမှုဖြင့် အကျယ်(၆)လက်မ အနက်ပေ (၆၁၀)ရှိ စက်ရေတွင်းနှင့် ဂါလန်(၃၀ဝ၀)ဆံ့ သောက်သုံး ရေလှောင်ကန်ကို ဧပြီလ ၂၂ ရက်နေ့မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုဆိုလျှင် လုပ်ငန်းများ ဆောင်ရွက်ပြီးစီးပြီဖြစ်၍ ကျေးရွာအတွင်းရှိ ဒေသခံများ ရာသီမရွေး သောက်သုံးရေ အဆင်ပြေတော့မည်ဖြစ်ကြောင်း သိရသည်။
“ကျေးရွာရှိ ဒေသခံများ သောက်သုံးရေ အဆင်ပြေစေရန် စုပေါင်း၍ ကျေးရွာ၏တောင်ဘက်တွင် (၄) လက်မ အဝီစိစက်ရေတွင်း တူးဖော်ခြင်း၊ ရေစင်တည်ဆောက်ခြင်းများကို ၂၀၁၄ ခုနှစ်က ဆောင်ရွက်ခဲ့ပြီး ကျေးရွာအတွင်း ရေပိုက်သွယ်တန်း၍ သောက်သုံးရေများ ဖြန့်ဝေပေးလျက်ရှိသည်။
ထို့သို့ သောက်သုံးရေဖြန့်ဝေ ပေးလျက်ရှိရာမှ ယခုနှစ်တွင် ရာသီဥတုပူပြင်းလာ၍ စက်ရေတွင်းမှ ရေများလျော့နည်းလာသောကြောင့် ကျေးရွာနေပြည်သူများ သောက်သုံးရေ အခက်အခဲဖြစ်ပေါ် လျှက်ရှိသည့်အပြင် ကျေးရွာအတွင်းရှိ တစ်နိုင်တစ်ပိုင် ဆောင်ရွက်လျက်ရှိသည့် သရက်ချဉ်လုပ်ငန်း လုပ်ကိုင်သူများမှာလည်း ရေအခက်အခဲ ဖြစ်နေသည့်အတွက် လုပ်ငန်းဆောင်ရွက်ရာတွင် အခက်အခဲများ ဖြစ်လျှက်ရှိသောကြောင့် ကျေးရွာရေပေးဝေရေးကော်မတီမှ ဦးဆောင်၍ ရွာသူရွာသားများက စုပေါင်း၍ ငွေကျပ် သိန်း (၁၂၀) အကုန်အကျခံ၍ (၆)လက်မ စက်ရေတွင်းနှင့် ဂါလန် (၃၀ဝ၀)ဆံ့ အုတ်ရေကန် တူးဖော်ခြင်း ဖြစ်ကြောင်း” ကျေးရွာရေပေးဝေရေးကော်မတီဥက္ကဌ ဦးကျော်ဌေးက ပြောကြားခဲ့သည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)