မန္တလေး ၂၁ မေ
IOM မှ ဦးဆောင်ကျင်းပသော ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ ဆွေးနွေးပွဲကို မန္တလေးမြို့၊ ဆာကူယာဟိုတယ်ရှိ Cherry ခန်းမတွင် ယနေ့ နံနက် ၉ နာရီ က ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ဝန်ကြီး ဦးမျိုးသစ်၊ အသက်မွေးဝမ်းကျောင်းမှုနှင့်စားနပ်ရိက္ခာဖူလုံရေး ရန်ပုံငွေ (Lift Myanmar) မှ အစီအစဉ်အရာရှိ Mr. Benjamin Harkins၊ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်း (IOM)၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Akio Nakayama တို့က အမှာစကား ပြောကြားသည်။
ထို့နောက် မန္တလေးတိုင်းဒေသကြီး အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်အေးမွန်စိုးက အလုပ်သမားညွှန်ကြားရေးဦးစီးဌာနမှ လက်ရှိအကောင်အထည်ဖော်လျက်ရှိသော လုပ်ငန်းစဉ်များအား တင်ပြဆွေးနွေးသည်။
ယင်းနောက် IOM မှ အစီအစဉ်မန်နေဂျာ Ms. Undraa Suren က ရွှေ့ပြောင်းသွားလာခြင်းနှင့် ဖွံ့ဖြိုးရေး ဆက်နွယ်မှု သဘောတရားများအား သုံးသပ်ပြောကြားသည်။ ဆက်လက်ပြီး IOM မှ National Liaison and Programme Officer ဦးအောင်ကျော်သန်းက အစိုးရနှင့်IOM တို့ ပူးပေါင်းဆောင်ရွက်မှု ရွှေ့ပြောင်းသွားလာခြင်း၏ အပေါင်းလက္ခဏာ အကျိုးဆက်များအား မြှင့်တင်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များအား ဆွေးနွေးပြောကြားသည်။ ထို့ နောက် IOM မှ Consultant ဒေါ်ချိုမြင့်နိုင် က CHIME သုတေသန မှ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ရွှေ့ပြောင်းမိသားစုဝင်များ၏ လက်တွေ့လူမှုဘဝ တွေ့ရှိချက်များ တင်ပြပြီး ရွှေ့ပြောင်းမိသားစုဝင်များ၏ လက်တွေ့လူမှုဘဝပုံရိပ်ထင်ဟပ်စေသော ဗွီဒီယိုအား ပြသသည်။
ဆက်လက်ပြီး နေ့လည်ပိုင်းတွင် မန္တလေးတိုင်းဒေသကြီးနှင့် မကွေးတိုင်းဒေသကြီးတို့မှ လွှတ်တော် ကိုယ်စားလှယ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် IOM မှ တာဝန်ရှိသူများ သည် ရွှေ့ပြောင်းသွားလာ နေထိုင်ခြင်း နှင့်ဖွံ့ဖြိုးရေး ဆိုင်ရာများနှင့်ပတ်သက်၍ အုပ်စုဖွဲ့ဆွေးနွေးခဲ့ကြသည်။
မြန်မာနိုင်ငံတွင် ပြည်တွင်းနှင့်ပြည်ပ ရွှေ့ပြောင်းသွားလာသူ စုစုပေါင်းသည် မြန်မာနိုင်ငံလူဦးရေ၏ ၂၆ ရာခိုင်နှုန်း ရှိနေကြောင်း အဆိုပါ ဆွေးနွေးပွဲမှ သိရသည်။
သန်းဇော်မင်း(ပြန်/ဆက်)