နေပြည်တော်   ၂၁  မေ 


ဒါရိုက်တာ စတီးလ် (ဒွေးမေတ္တာ) ရိုက်ကူးပြီး သရုပ်ဆောင် အလင်းရောင်၊ ထွန်းကိုကို၊ နေထက်လင်း၊ အကယ်ဒမီ ဇင်ဝိုင်း၊ အကယ်ဒမီ အေးမြတ်သူ၊ ရွှေသမီး၊ ကလေးသရုပ်ဆောင် နန်းထိပ်ထားနှင့် သရုပ်ဆောင်ပေါင်းများစွာ ပါဝင်ထားသော အပေးအယူ ရုပ်ရှင်ဇာတ်ကား၏ ဇာတ်ဝင်ခန်းအချို့ကို ယနေ့နံနက်ပိုင်းက နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ရိုက်ကူးကြသည်။

 

1

 


အဆိုပါ ရုပ်ရှင်ဇာတ်ကားရိုက်ကူးရန် ကြိုတင်ပြင်ဆင်မှုအနေဖြင့် ရိုက်ကွင်းနေရာများကို တိတိကျကျ သတ်မှတ်ပြီး  ပြန်ကြားရေးဝန်ကြီးဌာနမှ တစ်ဆင့် ခွင့်ပြုမိန့်လျှောက်ထားခဲ့ရာ  ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပြည်ထဲရေး ဝန်ကြီးဌာနတို့မှ သုံးရက်အတွင်း ခွင့်ပြုကြောင်း အကြောင်းပြန်ကြား ပေးခဲ့ကြောင်း၊ ယခင်နှင့် ကွာခြားချက်မှာ ရိုက်ကူးခွင့်လျှောက်ထားရာတွင် ယခင်က  လနဲ့ချီ ပြီးကြာသော်လည်း ယခုအခါ သုံးလေးရက်အတွင်း အကြောင်းပြန်ပေးတဲ့အတွက် ပိုအဆင်ပြေလာကြောင်း ဒါရိုက်တာ စတီးလ်က ပြောကြားသည်။

 

1

 


ယနေ့တွင် နေပြည်တော်လေဆိပ်အတွင်း ရိုက်ကူးရာတွင် အခက်အခဲအချို့ ရှိခဲ့မှုနှင့်ပတ်သက်၍ ဒါရိုက်တာ စတီးလ်က “ဒီနေ့လက်ရှိကျွန်တော်တို့ တွေ့နေရတဲ့အခက်အခဲက ရန်ကုန်မှာ လေယာဉ်ကွင်းရိုက်ရတာ အခက်အခဲရှိလို့ နေပြည်တော်မှာ လာလျှောက်တော့ ရိုက်ခွင့်ရတယ်၊ လွယ်လွယ်ကူကူပဲ။ ဒါပေမယ့် အကန့်အသတ်တွေ အများကြီး ရှိနေတယ်၊ လုံခြုံရေးကိစ္စတွေကြောင့် ကျွန်တော်တို့ကို ကန့်သတ်လို့ရပါတယ်၊ ဒါပေမယ့် တချို့ကန့်သတ် ချက်တွေကတော့ ဖြေလျှော့ပေးမယ်ဆိုရင်ပိုကောင်းပါမယ်။ ဥပမာ - ဒီနေရာမှာ လုံခြုံရေးအရ ဘယ်အချိန်ကနေ ဘယ်အချိန်ထိ၊ ဘယ်နေရာကနေ ဘယ်နေရာအထိဆိုတာလေး သေသေ ချာချာလေး တိတိကျကျ သတ်မှတ် ပေးရင်ပိုကောင်းပါမယ်။ လေဆိပ်မှာရိုက်ရတာလေးတော့ အခက်အခဲရှိ ပါတယ်။ ဒါကိုလည်း ကျွန်တော်တို့ တင်ပြလိုက်မယ်ဆိုရင်တော့ ဖြည့်ဆည်းပေးလိမ့်မယ်လို့ မျှော်လင့် ပါတယ်”ဟု ပြောကြားသည်။

 

1

 


ယနေ့ရိုက်ကူးလျက်ရှိသည့် အပေးအယူ ရုပ်ရှင်ဇာတ်ကားတွင် တက်သစ်စသရုပ်ဆောင်များစွာ ပါဝင်ထားပြီး သရုပ်ဆောင် အလင်းရောင်က အဆိုပါ ဇာတ်ကားတွင် စိန်မှောင်ခို တစ်ဦးအဖြစ် ပါဝင်ထားကာ ကလေးသရုပ်ဆောင် နန်းထိပ်ထားကလည်း သရုပ်ဆောင်ရွှေသမီး၏ ညီမအဖြစ် ပါဝင်သရုပ်ဆောင်ထားကြောင်း သိရသည်။ 


အပေးအယူရုပ်ရှင်ဇာတ်ကား၌ ပါဝင်ဖြစ်ပုံကို ကလေးသရုပ်ဆောင် နန်းထိပ်ထားက “ဒီရုပ်ရှင်ကားမှာ သမီး ပထမဆုံးအကြိမ် သရုပ်ဆောင်ထားတာပါ။ ရုပ်ရှင်ရိုက်တာ မကြည့်ဘူးလို့ဆိုပြီး  လာကြည့်တဲ့အခါမှာ ဒါရိုက်တာ စတီးလ်က မမရွှေသမီးနဲ့ တူတယ်ဆိုပြီး ကမ်းလှမ်းလို့ ရိုက်ဖြစ်သွားတာပါ။ သမီးက ဒီရုပ်ရှင်ကားထဲမှာ မမရွှေသမီးရဲ့ ညီမလေးအဖြစ် သရုပ်ဆောင်ရပါတယ်”ဟု ပြောပြသည်။


မြန်မာ့ရုပ်ရှင်လောက မြှင့်တင်ရေးအတွက် နေပြည်တော်တွင် ရုပ်ရှင်စတူဒီယိုများ အမြန်တည်ဆောက် ပေးစေလိုကြောင်း၊ နေပြည်တော်တွင် ရန်ကုန်နှင့်မတူဘဲ မြေနေရာ ကျယ်ကျယ်ဝန်းဝန်း ရှိသည့်အတွက် ရုပ်ရှင်စတူ ဒီယိုများ တည်ဆောက်ရန် အခက်အခဲ မရှိနိုင်ကြောင်း၊ ကျွန်တော်တို့ဆီမှာ နိုင်ငံတကာနဲ့ ယှဉ်လာမည်ဆိုပါက မြန်မာ့ရုပ်ရှင် မြှင့်တင်ရေးအတွက် လုပ်ဆောင်စရာ၊ မလုပ်နိုင်သေးသည်များလည်း  ရှိနေသည့်အတွက် သဘာဝကျပြီး ပရိသတ်ကို ဆွဲဆောင်နိုင်မည့် ရုပ်ရှင်ဇာတ်ဝင်ခန်းအချို့ကို စတူဒီယိုထဲတွင်  ရိုက်ခွင့်ရမည်ဆိုပါက ပိုမိုအရည်အသွေးပြည့်မီသော ရုပ်ရှင်ဇာတ်ကားများ ဖန်တီးနိုင်မည် နေပြည်တော်တွင် ခေတ်မီရုပ်ရှင်စတူဒီယိုများ မြန်မြန် ပေါ်ပေါ်လာစေလိုကြောင်း ဒါရိုက်တာစတီးလ်ကပြောသည်။

 
နေပြည်တော်ကို ရုပ်ရှင်ရိုက်ကွင်းအဖြစ် တစ်မြို့လုံးကို သဘောကျပြီး နောက်ထပ်ရိုက်မည့် ငါတို့သည် ရုပ်ရှင်ဇာတ်ကားတစ်ကားကိုလည်း နေပြည်တော်ရှိ လှေခွင်းတောင်ဘက်တွင် သွားရောက် ရိုက်ကူးရန် ရည်ရွယ်ထားကြောင်း သိရသည်။ အဆိုပါ ဇာတ်ကားတွင် သရုပ်ဆောင်များအဖြစ် အလင်းရောင်၊ ခါရာနှင့် တိုင်ရွန်စသည့် လူငယ်သရုပ်ဆောင်များစွာဖြင့် ဇူလိုင်လအတွင်း ရိုက်ကူးရန် ရည်ရွယ်ထားကြောင်း သိရသည်။


သတင်း - နေဝင်းထွန်း၊ ဝေသူနွယ်
ဓာတ်ပုံ - ဇင်ဦး(မြန်မာ့အလင်း)