နေပြည်တော် ၂၁ မေ 

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်အတွင်း တောင်သူလယ်သမားများ၏ စပါးရာသီအလိုက် စိုက်ပျိုးစရိတ် ချေးငွေထုတ်ချေးရာတွင် မြောင်းမြမြို့နယ် စိုက်ပျိုးရေးဘဏ် မန်နေဂျာ ဒေါ်မာလာတင်သည် တောင်သူလယ်သမားများ၏ အခက်အခဲများအပေါ် အခွင့်ကောင်းယူကာ လာဘ်ငွေရယူ အဂတိလိုက်စားပြီး ဥပဒေစည်းမျဉ်းစည်းကမ်းပြင်ပ ဆောင်ရွက်နေခြင်းအား အရေးယူပေးပါရန် ဤကော်မရှင်သို့ တိုင်ကြားခဲ့သည်။    

တိုင်ကြားစာအရ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင်သည် လေးအိမ်တန်းကျေးရွာအုပ်စုမှ တောင်သူ (၁၄)ဦး၏ ၂၀၁၆ ခုနှစ် မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေကျပ် ၁၈၉၇၀၅၆ဝ ကို ၂၀၁၇ ခုနှစ် ဇူလိုင် ၂၀ ရက်တွင် မြန်မာ့စီးပွားရေးဘဏ်သို့ ပေးသွင်းခဲ့ကြောင်း၊ ဇူလိုင် ၂၁ ရက်တွင် ယင်းတောင်သူ (၁၄) ဦးအား ၂၀၁၇ ခုနှစ်၊ မိုးစပါး စိုက်ပျိုးစရိတ် ချေးငွေသစ်ထုတ်ချေးပေးခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ်မှ ချေးငွေပေးဆပ်ရန်ကျန် တောင်သူ (၁၁)ဦး၏ တစ်ဦးချင်း ပြန်လည်ပေးဆပ်သည့် ချေးငွေကျပ် ၁၅၄၁၁၀ဝဝ နှင့် ငါးရာခိုင်နှုန်း အတိုးဖြင့် အပိုဆောင်းပေးရငွေကျပ် ၇၇၀၅၅ဝ အား ဒေါ်မာလာတင်က ကိုယ်တိုင်လက်ခံ ရယူခဲ့ကြောင်း၊ မြောင်းမြမြို့နယ် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဒေါ်မာလာတင်သည်  ရာထူးတာဝန်ကို အလွဲသုံးစားပြု၍ အတိုးငါးရာခိုင်နှုန်း ကျပ် ၇၇၀၅၅ဝ ကို မိမိကိုယ်ကျိုးအတွက် ရယူခြင်းဖြင့် အဂတိလိုက်စားမှု ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်သဖြင့် မြောင်းမြမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာ ဒေါ်မာလာတင် (ယခု ကျောင်းကုန်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်)အပေါ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့မရဲစခန်းတွင်   ယနေ့ရက်စွဲဖြင့် ပထမသတင်းပေးတိုင်ကြားချက် ဖွင့်လှစ်၍ တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်မှ သတင်းရရှိသည်။ 

(သတင်းစဉ်)