ရန်ကုန် ၂၁ မေ
မြန်မာ ယူ-၂၂ အသင်းသည် နိုင်ငံတကာခြေစမ်းပွဲများ ယှဉ်ပြိုင်ကစားရန် ယနေ့ ညနေပိုင်းမှစ၍ လေ့ကျင့်မှုပြုလုပ်လျက်ရှိကြောင်း သိရသည်။
မြန်မာ ယူ-၂၂ အသင်းသည် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲ၊ တောင်ကိုရီးယားကလပ် ပိုဟန်စတီလားစ်အသင်းနှင့် ခြေစမ်းပွဲတို့အတွက် ပြင်ဆင်မည်ဖြစ်ပြီး ပဏာမကစားသမား ၂၆ ဦး ရွေးချယ်ထားသည်။ မြန်မာ ယူ-၂၂ အသင်းကို ကစားသမား ၂၅ ဦးဖြင့် စတင်ဖွဲ့စည်းခဲ့သော်လည်း စစ်ကိုင်းတောင်ပံကစားသမား မျိုးမင်းဖြိုးကို မေ ၂၁ ရက်က အားဖြည့်ရွေးချယ်ခဲ့သောကြောင့် ပဏာမကစားသမား ၂၆ ဦးအထိ ရှိလာခြင်းဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းသည် ဗိုလ်ချုပ်အောင်ဆန်းဒိုင်း ရှုံးထွက်ပြိုင်ပွဲ ဆီမီးဖိုင်နယ်မတိုင်မီ ကစားသမားအစုံအလင် လေ့ကျင့်မည်ဖြစ်ပြီး ကလပ်ပွဲမတိုင်ခင် နှစ်ရက်အလိုတွင် ကလပ်အသင်းများသို့ ပြန်လည်စေလွှတ်ပေးမည်ဖြစ်သည်။
မေ ၃၀ ရက်တွင် တောင်ကိုရီးယားကလပ် ပိုဟန်စတီလားစ်အသင်းနှင့် ယှဉ်ပြိုင်ကစားမည့် ခြေစမ်းပွဲတွင် လူမစုံသောကြောင့် ယူ-၁၈ အသင်းမှ ကစားသမားများဖြင့် ပေါင်းစပ်ကစားမည်ဖြစ်ကာ ရှမ်းယူနိုက်တက်၊ ရန်ကုန်နှင့် စစ်ကိုင်းအသင်းတို့မှ ကစားသမားများကို ပြန်လည်စေလွှတ်ရမည်ဖြစ်သည်။ မြန်မာ ယူ-၂၂ အသင်းအနေဖြင့် ဇွန် ၇ ရက်တွင် ဗီယက်နမ်နိုင်ငံ၌ ယှဉ်ပြိုင်ကစားမည့် ဗီယက်နမ် ယူ-၂၂ အသင်းနှင့် ခြေစမ်းပွဲအတွက် အဓိက ပြင်ဆင်မည်ဖြစ်ပြီး နည်းပြချုပ်အဖြစ် ပိုပေါ့ဗ်က ဆက်လက်ကိုင်တွယ်သွားမည်ဖြစ်သည်။
မြန်မာ ယူ-၂၂ အသင်းတွင် ဂိုးသမား- ဆန်းဆက်နိုင် (ရန်ကုန်)၊ ဘုန်းသစ္စာမင်း (ရှမ်းယူနိုက်တက်)၊ စိုးအာကာ (မကွေး)၊ နောက်တန်း- ဝင်းမိုးကျော်၊ ကျော်သူထွန်း (မကွေး)၊ ရဲရင့်အောင် (ရတနာပုံ)၊ ရဲမင်းသူ၊ ဟိန်းဖြိုးဝင်း၊ ဇွဲထက်မင်း (ရှမ်းယူနိုက်တက်)၊ သူရိန်စိုး( ရန်ကုန်)၊ ဇင်ရဲနောင် (အား/ကာသိပ္ပံ)၊ အလယ်တန်း- လွင်မိုးအောင်၊ နန်းထိုက်ဇော် (ဧရာဝတီ)၊ မြတ်ကောင်းခန့်၊ အောင်နိုင်ဝင်း (ရတနာပုံ)၊ ကျော်မျိုးနိုင် (အား/ကာသိပ္ပံ)၊ ကောင်းထက်စိုး(ရန်ကုန်)၊ စိုးလွင်လွင်၊ နေမိုးနိုင်၊ ဇင်မင်းထွန်း (မကွေး)၊ မျိုးမင်းဖြိုး (စစ်ကိုင်း) ရှေ့တန်း- ဟိန်းထက်အောင် (ဟံသာဝတီ)၊ ဝင်းနိုင်ထွန်း (ရတနာပုံ)၊ ထက်ဖြိုးဝေ၊ စအောင်ပြည့်ကို (ရှမ်းယူနိုက်တက်) နှင့် အောင်ကောင်းမာန် (ဧရာဝတီ) တို့ပါဝင်ကြသည်။
ညီမြတ်သော်တာ