နေပြည်တော် ၂၁ မေ

ဧရာဝတီလင်းပိုင် အကူအညီဖြင့် ရေလုပ်သားများ ငါးဖမ်းကြပုံအစဉ်အလာနှင့် ရေလုပ်သားများ၏ဘဝကို ယမန်နေ့က စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကွန်းဒေသရှိ ဧရာဝတီမြစ်ကြောင်းတစ်လျှောက်မှ ကျေးရွာများတွင် ဂျပန်နိုင်ငံမှ ရိုက်ကူးရေးအဖွဲ့က မှတ်တမ်းရိုက်ကူးသည်။

 

222

 

အဆိုပါအဖွဲ့သည် ဧရာဝတီလင်းပိုင် ထိန်းသိမ်းစောင့်ရှောက်မှု အသိပညာပေးဆောင်ရွက်မှုကို ငါးလုပ်ငန်းဦးစီးဌာန၊ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Widlife Conservation Society)တို့နှင့် ပူးပေါင်းပြီး ဧရာဝတီမြစ်ကြောင်းတစ်လျှောက်ရှိ မြစ်ကမ်းကြီး၊ အင်ဒေါင်း၊ ရွာသစ်၊ ရှိမ္မကားနှင့် ဆင်ကျွန်းကျေးရွာများတွင် Living Irrawaddy Dolphin Project ပိုင် ရေယာဉ်ဖြင့် မေ ၁၅ ရက်မှ စတင်ရိုက်ကူး နေခြင်းဖြစ်ပြီး ဆက်လက်၍ မေ ၂၃ ရက်ထိ မှတ်တမ်းရိုက်ကူးမည်ဖြစ်သည်။

ထို့ပြင် ပုဂံအမှတ်တရ ချည်ထည်များ (Cotton Bagan) ထုတ်လုပ်ခြင်းအကြောင်းကိုလည်း ရှမ်းပြည်နယ်တောင်ပိုင်း အင်းလေးကန်တစ်ဝိုက်တွင် လည်းကောင်း၊ ချည်ထည်ချုပ်လုပ်ခြင်းကို မိတ္ထီလာမြို့နယ်အတွင်းရှိ ကျေးရွာများတွင်လည်းကောင်း၊ ချည်ထည်ရောင်းချခြင်းကို ပုဂံညောင်ဦးမြို့နယ်တွင် လည်းကောင်း တွေ့ဆုံမေးမြန်းမှုများအပါအဝင် မေ ၂၄ ရက်မှစ၍ ဇွန်လ ၁ ရက်ထိ လှည့်လည်ရိုက်ကူးမည်ဖြစ်ကြောင်းနှင့် ၎င်းသဘာဝ အခြေခံခရီးသွားလုပ်ငန်း (Ecotourism) ရုပ်/သံမှတ်တမ်းအစီအစဉ်ကို ဂျပန်နိုင်ငံမှ ထုတ်လွှင့်သည့် NHK ရုပ်သံလိုင်းတွင် ပြသနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

(သတင်းစဉ်)