နေပြည်တော် ၂၁ မေ
နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်သည် ၂၀၂၀ ရွေးကောက်ပွဲတွင် လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲဖြစ်စေရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းနှင့် အဖွဲ့ဝင်များအား ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော်ရှိ နိုင်ငံတော်သမ္မတအိမ်တော် ဧည့်ခန်းမ၌ တွေ့ဆုံမှာကြားသည်။
ရှေးဦးစွာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်းက ၂၀၂၀ ရွေးကောက်ပွဲအတွက် အခြေခံမဲစာရင်းများပြုစုနေမှု၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ရွေးကောက်ပွဲလုပ်ငန်းစဉ်များ သင်တန်းပို့ချနေမှု၊ ရွေးကောက်ပွဲ အကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲ အလွန်ကာလတို့တွင် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
နိုင်ငံတော်သမ္မတက ရှင်းလင်းတင်ပြချက်များအပေါ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအဆင့်ဆင့်ကို စနစ်တကျဖွဲ့စည်းရေး၊ မဲရုံမှူးများ၊ အဖွဲ့ဝင်များကို မှန်မှန်ကန်ကန် တာဝန်ပေးရေး၊ မဲရုံများ၏လုံခြုံရေး အပြည့်အဝရှိစေရေးနှင့် မဲဆန္ဒနယ်မြေများ သတ်မှတ်ရေး၊ ၂၀၂၀ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံး မဲပေးခွင့် အပြည့်အဝရရှိစေရေးနှင့် မဲပေးခွင့်ဆုံးရှုံးမှုမရှိစေရေး၊ မဲစာရင်းများပြုစုရာတွင် တိကျမှုရှိစေရေး၊ ကြိုတင်ဆန္ဒမဲများ မှန်ကန်မှုရှိစေရေး၊ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုများနှင့် ရွေးကောက်ပွဲတွင် တရားမဲ့ပြုကျင့်မှုများ မဖြစ်ပေါ်စေရေး၊ ဆန္ဒမဲရေတွက်ခြင်းနှင့် ရလဒ်ကြေညာပေးရေး စသည်တို့နှင့်စပ်လျဉ်း၍ ရွေးကောက်ပွဲဥပဒေနှင့် နည်းဥပဒေများပါ ပြဋ္ဌာန်းချက်များနှင့်အညီဆောင်ရွက်ရန် လမ်းညွှန်မှာကြားသည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူ၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးလှသိန်း၊ ကော်မရှင်အဖွဲ့ဝင်များ ဖြစ်ကြသည့် ဦးအောင်မြင့်၊ ဦးစိုးရယ်၊ ဦးထွန်းခင်၊ ဦးလှတင့်၊ ဦးမြင့်နိုင်၊ ဦးသန်းဌေး၊ ဦးညွှန့်စိန်၊ ဦးသက်ထွန်း၊ ဦးမြင့်အောင်၊ ဦးစောဒယ်နီရယ်ကြည်၊ ဦးအောင်စိုးဝင်း၊ ဦးသန်းအောင်၊ ဦးမင်းဆွေနှင့် ဦးဆွေတင့်လွင်တို့ တက်ရောက်ကြသည်။
(သတင်းစဉ်)