နေပြည်တော် ၂၁ မေ
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာ၌ AA အဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်၊ ဓားဖြင့်ထိုးသောကြောင့် ရခိုင်အမျိုးသား (၁)ဦး သေဆုံးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဘူးသီးတောင်မြို့နယ် ကြာညိုပြင်ကျေးရွာနေ စိုးဝင်းနိုင် (၃၈)နှစ်သည် မေလ ၂၀ ရက် ည ၇ နာရီခန့်တွင် နေအိမ်၌ရှိနေစဉ် AA အဖွဲ့ဝင် ၄ ဦးက ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာကာ ၎င်းတို့အား စက်လှေဖြင့် ဘူးသီးတောင်မြို့သို့ ပို့ဆောင်ပေးရန်ပြောကြားကြောင်း၊ စိုးဝင်းနိုင်က မိုးချုပ်နေသောကြောင့် ပို့ဆောင်မပေးနိုင်ကြောင်း ပြန်လည်ပြောဆိုခဲ့ရာမှ စကားများပြီး AA အဖွဲ့ဝင်များက သေနတ်ဖြင့် (၁)ချက် ပစ်ခတ်၍ ဓားဖြင့် ဝိုင်းဝန်းထိုးသောကြောင့် စိုးဝင်းနိုင်တွင် ဝဲ/ယာ ရင်ဘတ် ထိုးသွင်းဒဏ်ရာများရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း၊ AA အဖွဲ့ဝင်များက ဆိုင်ကယ်များဖြင့် ဘူးသီးတောင်-ရသေ့တောင် ကားလမ်းအတိုင်း ဖုံညိုလိပ်ကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်နှင့် ပတ်သက်၍ တပ်မတော်နှင့် နယ်ခြားစောင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ကြာညိုပြင်ကျေးရွာအား ရှင်းလင်းနယ်မြေစိုးမိုးခဲ့ပြီး ဝန်းကျင်နယ်မြေလုံခြုံရေး ဆောင်ရွက်လျက်ရှိကြောင်းနှင့် စိုးဝင်းနိုင်သေဆုံးမှုအား အမှုဖွင့်အရေးယူ ဆောင်ရွက်လျက်ရှိကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်းရရှိသည်။
(သတင်းစဉ်)