နေပြည်တော် ၂၁ မေ

 


ရာသီဥတုပြောင်းလဲမှုဒဏ်၊ သဘာဝဘေးဒဏ်နှင့် အခြားသောဘေးအန္တရာယ်များ ကျရောက်မှုကြောင့် အာဆီယံဒေသတွင်း တောင်သူလယ်သမားများ ကြုံတွေ့နေကြရသည့် အခက်အခဲများ လျော့ပါးသက်သာစေရန် မိမိတို့အားလုံးက အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ လယ်ယာကဏ္ဍတွင် သီးနှံအထွက်နှုန်း တိုးတက်လာစေပြီး၊ စိုက်ပျိုးရေးထုတ်ကုန်များ ဈေးကောင်းရရှိလာစေရန်၊ တန်ဖိုးမြှင့်ထုတ်ကုန်များ တိုးတက်ထုတ်လုပ်လာနိုင်စေရန် ဦးတည်ဖော်ဆောင်ကြရမည် ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက ပြောကြားသည်။

 


နေပြည်တော် ဟိုတယ်ဇုံရှိ Royal NayPyiTaw Hotel တွင် ယနေ့နံနက်ပိုင်းက ကျင်းပသည့် (၂၆)ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေး သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဘုတ်အဖွဲ့ ACEDAC နှင့် (၂၁)ကြိမ်မြောက် အာဆီယံစိုက်ပျိုးရေး သမဝါယမအသင်းများ၏ ကဏ္ဍအလိုက် လုပ်ငန်းအဖွဲ့ ASWGAC အစည်းအဝေးများ ဖွင့်ပွဲအခမ်းအနားတွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူက အမှာစကားပြောကြားရာ၌ ထိုသို့ထည့်သွင်းပြောကြားသွားခဲ့ခြင်း ဖြစ်သည်။

 


ဆက်လက်၍  ပြည်ထောင်စုဝန်ကြီးက နေ့စဉ်တိုးတက် လိုအပ်လျက်ရှိသော ကမ္ဘာ့စားနပ်ရိက္ခာ လိုအပ်ချက်ကို ဖြည့်စွမ်းနိုင်စေရန်မိမိတို့ အာဆီယံစိုက်ပျိုးရေး သမဝါယမအသင်းများက စဉ်ဆက်မပြတ် စားနပ်ရိက္ခာ ထုတ်လုပ်နိုင်ရေးကို ဦးတည်ဆောင်ရွက်သွားကြရမည် ဖြစ်သကဲ့သို့ အာဆီယံဒေသတွင်း ဈေးကွက်အဆင့်မှသည် ကမ္ဘာ့ဈေးကွက်အဆင့်အထိ ထိုးဖောက်ရရှိနိုင်အောင် ကြိုးပမ်းကြရမည် ဖြစ်ပါကြောင်း။

 


အာဆီယံဒေသတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု၊ လူမှုယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် မြန်မာနိုင်ငံအနေဖြင့် အဖွဲ့ဝင်နိုင်ငံများနှင့်အတူတကွ လက်တွဲပြီး ကျရာအခန်းကဏ္ဍမှ အားသွန်ခွန်စိုက် အမြဲပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခုအစည်းအဝေးမှ အာဆီယံဒေသတွင်း လုပ်ကွယ်ငယ် တောင်သူလယ်သမားများ ရင်ဆိုင်နေရသည့် အခက်အခဲများ၊ စိန်ခေါ်မှုများကို ရင်ဆိုင်ကျော်လွှားနိုင်မည့် နည်းလမ်းများကို ဆွေးနွေးညှိနှိုင်းပြီး ဒေသတွင်း စားနပ်ရိက္ခာဖူလုံရေးအတွက် အစားအစာထုတ်လုပ်မှုကို အဓိကအခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နေကြသော တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို မြှင့်တင်ပေးနိုင်မည့် ဆွေးနွေးချက်များ၊ ရလဒ်ကောင်းများ ချမှတ်ဖော်ဆောင်လာမည်ဟု မျှော်လင့်ပါကြောင်း ပြောကြားသည်။
ထို့နောက် ဗဟိုသမဝါယမအသင်းဥက္ကဋ္ဌ ဦးခင်မောင်အေးက မြန်မာနိုင်ငံ၏ သမဝါယမကဏ္ဍ ဆောင်ရွက်ချက်များကို မိတ်ဆက်ပြောကြားသည်။

 


အဆိုပါ အစည်းအဝေးများကို အာဆီယံနိုင်ငံအလိုက် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ရာမှာ အိမ်ရှင်နိုင်ငံအဖြစ် မြန်မာနိုင်ငံတွင် တတိယအကြိမ် လက်ခံကျင်းပခွင့်ရခြင်းဖြစ်ပြီး မေ ၂၁ ရက်မှ ၂၄ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 


စိုက်ပျိုးရေးသမဝါယမအသင်းများ၏ အဖွဲ့အစည်းဆိုင်ရာနှင့် စွမ်းဆောင်ရည် တည်ဆောက်ခြင်း ယှဉ်ပြိုင်နိုင်စွမ်းရှိခြင်း၊ ဘဏ္ဍာငွေရရှိနိုင်ခြင်း၊ ဈေးကွက်ရရှိနိုင်ခြင်းတို့ကို ACEDAC အဖွဲ့ကြီး၏ ပင်မဒေါက်တိုင် (၄)ခုအဖြစ်ထားရှိပြီး ဒေသတွင်းရှိ ပြည်သူများ (အထူးသဖြင့် တောင်သူလယ်သမားများ)၏ လူနေမှုအဆင့်အတန်း တိုးတက်လာစေခြင်းအားဖြင့် စိုက်ပျိုးရေးသမဝါယမ အသင်းများ၏ ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးနိုင်ရေး၊ စိုက်ပျိုးရေးသမဝါယမအသင်းများ၏ လူမှုပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စရပ်များနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အားပေးမြှင့်တင်ဆောင်ရွက်ရေး၊ အဖွဲ့ဝင်နိုင်ငံများအကြား အပြန်အလှန်အထောက် အကူပြုစေမည့် သတင်းအချက်အလက်များ၊ အတွေ့အကြုံများနှင့် အယူအဆများ ဖလှယ်ရေး၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံခန့်ခွဲရေး (အထူးသဖြင့်) သမဝါယမအသင်းသားများ၏ ပညာရေးနှင့် လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ၌ ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေး၊ စိုက်ပျိုးရေးသမဝါယမ အသင်းများတွင် သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း အစီအစဉ်များ တိုးမြှင့်ဆောင်ရွက်ရေး စသည်တို့ကို ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 


ဖွင့်ပွဲအခမ်းအနားသို့ ASEAN အတွင်းရေးမှူးချုပ်ရုံး ၊ACEDAC အတွင်းရေးမှူးရုံး၊ ASEAN Foundation ၊ ASEAN တောင်သူလယ်သမားများအသင်း၊ AFSOP ၊ MAFF တို့မှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ASEAN အဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်များ၊ ဗဟိုသမဝါယမ အသင်းဥက္ကဋ္ဌနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သတင်းရရှိသည်။

 


(သတင်းစဉ်)