နေပြည်တော် ၂၂ မေ

ဥပဒေစိုးမိုးရေး အကြောင်းပြောကြလျှင် ပြဋ္ဌာန်းထားသည့် ဥပဒေတို့ကို ထဲထဲဝင်ဝင် နားလည်ရေး အရေးကြီးသကဲ့သို့ ဥပဒေ၏ အနှစ်သာရတို့ကို ပြည်သူတို့သဘောပေါက်ရေးသည်လည်း ဖယ်ချန်ထား၍ မရနိုင်ပါ။

လူမှုကွန်ရက်များက ပြည်သူလူထုအကြား ကျယ်ပြန့်စွာ အသုံးပြုနိုင် လာကြသည့်အခါ ဥပဒေစိုးမိုးရေးတွင် ပြည်သူလူထု၏ ပါဝင်ပတ်သက်မှုက လွန်စွာအရေးပါလာပြီး အကျိုးပြုသည့်ကဏ္ဍ ပိုမိုကျယ်ပြန့်လာသည်ကို သတိပြုမိပါသည်။

လူမှုအဖွဲ့အစည်းထဲ ဥပဒေချိုးဖောက်မှုများ ပေါ်ပေါက်လာလျှင် လူထု၏ လျင်မြန်သောတုံ့ပြန်မှု၊ အားတက်သရော ဝိုင်းဝန်းကူညီမှုများကြောင့် ဥပဒေစိုးမိုးရေးတွင် များစွာ အထောက်အပံ့ဖြစ်ခဲ့သည့် နမူနာများက ဖော်ပြနေပါသည်။

လူမှုကွန်ရက်များထဲတွင် ဥပဒေနှင့် ဆန့်ကျင်သော ပြောဆို စွပ်စွဲမှုများ၊ ဆဲရေးတိုင်းထွာမှုများ၊ စော်ကား အသရေဖျက်မှုများ စသည်တို့ ရှိနေသည် ဆိုသော်ငြားလည်း ဥပဒေစိုးမိုးရေးကဏ္ဍတွင် လူမှုကွန်ရက်က များစွာ အထောက်အကူပြုသည်ဆိုခြင်းကိုလည်း အထင်အရှား တွေ့ရပါသည်။

သည်လိုကြားထဲက အချို့သော လူထုအစိတ်အပိုင်းများက ဥပဒေကို လက်တစ်လုံးခြား လုပ်ရခြင်းကို အဟုတ်အမှန် ထင်မှတ်နေကြသည်ကိုလည်း သတိပြုမိပါသည်။ ထို့ကြောင့်ပင် ပြည်သူလူထုက ဥပဒေ၏ အနှစ်သာရများနှင့် ပတ်သက်၍ သိရှိနားလည်ရေးက ပိုမိုအရေးပါလာခြင်း ဖြစ်ပါသည်။

အမှန်မှာ ဥပဒေပြဋ္ဌာန်းခြင်းဆိုသည်၏ မူလပင်မ ရည်ရွယ်ချက်သည် ပြည်သူများကို မတရားပြုမှုများ၊ အဓမ္မမှုများရန်မှ အကာအကွယ်ပေးနိုင် ရေးဖြစ်ပါသည်။ အခြေခံဥပဒေမှ အစပြု၍ စည်ပင်သာယာ ဥပဒေ၊ လမ်းစည်းကမ်း၊ ယာဉ်စည်းကမ်းဥပဒေများအထိ အားလုံးသော တားမြစ်မှု၊ ကန့်သတ်မှု၊ အခွင့်အရေးများကို ဖော်ပြထားမှုတို့သည် လူထုကို မတရားပြုမှု၊ ဘေးရန်ပြုမှုများဆီမှ ကာကွယ်နိုင်ရန် ရည်ရွယ်ကာ ရေးဆွဲပြဋ္ဌာန်းထားခြင်း ဖြစ်ပါသည်။

အခြေခံလူတန်းစားများသည် ယေဘုယျအားဖြင့် ရိုးသား၍ ဥပဒေကို ဆန့်ကျင်ရာရောက်မှာ အစိုးရိမ်ကြီးကြသူများဖြစ်ပါသည်။ ရုံးရောက် ဂါတ်ရောက်ဆိုသည်ကို ရှောင်လိုကြသူများ၊ အမှုအခင်းများက ကင်းဝေးလိုသူများ၊ ရုံးပြင်ကနားနှင့် ဝေးဝေးနေလိုကြသူများ ဖြစ်ပါသည်။

ချို့တဲ့သူများ ဆင်းရဲသူများဖြစ်သည့်အားလျော်စွာ အမှုအခင်းဖြစ်လျှင် နောက်ဆက်တွဲ ဆိုးကျိုးအမျိုးမျိုးကို ငွေရှိသူတို့ထက် ကိုယ်ကသာ ပိုမိုခံရလိမ့်မည်ဟူသည့် အတွေးအယူနှင့် သဘောထားလည်း ရှိကြသည့်အားလျော်စွာ ကိုယ်တိုင်အမှုအခင်း မဖြစ်ပွားရေးမျှသာမက သူတစ်ပါး အမှုအခင်းများတွင် ပါဝင်သက်သေလိုက်ရမည်ကိုပင် စိုးရွံ့ကြသူများ ဖြစ်ပါသည်။

ထို့ကြောင့် လူထုအကြား၌ ဥပဒေစည်းမျဉ်းစည်းကမ်းများကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရေးက ဥပဒေစိုးမိုးရေးတွင် အလွန်အရေးပါလှပါသည်။ ဥပဒေ စည်းမျဉ်းစည်းကမ်းများသည် လူထုအတွက် အကာအကွယ်ပေးနိုင်ရန် ရေးဆွဲပြဋ္ဌာန်းခြင်း ဖြစ်ကြောင်း၊ လူထုက ဥပဒေ၏ အကာအကွယ်ကို ရရှိရမည့် အခွင့်အရေးရှိကြောင်း၊ ဥပဒေကို မလိမ့်တပတ် လှည့်ဖြားနေကြသူများ၊ ဥပဒေကို လျှော့ချည် တင်းချည် လုပ်လိုသူများ၊ ဥပဒေကို လက်တစ်လုံးခြား ချိုးဖောက်နေကြသူများ စသည်ကဲ့သို့သောသူများကို ဥပဒေနှင့်အညီ အရေးယူရန် အရေးကြီးသကဲ့သို့ မိမိတို့ကိုယ်တိုင်များ၏ ဘဝများတွင်လည်း ဥပဒေ၏ အကာအကွယ်ကို ရယူနိုင်ရေးသည် မိမိတို့၏ မွေးရာပါအခွင့်အရေး များဖြစ်ကြောင်း၊ ယင်းအခွင့်အရေးများကို လက်တွေ့ရယူရေးသည် ကိုယ်ကိုယ်တိုင်၏ အားထုတ်မှု၊ လေ့ကျင့်လုပ်ကိုင်မှုတို့ပေါ်တွင် မူတည် နေကြောင်း သိရှိနားလည်ကြရန်လည်း လိုပါသည်။

ထို့အတူ ချမှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ စည်းမျဉ်းစည်းကမ်းများနှင့် ကန့်သတ်ထားမှုများသည် မိမိတို့အကျိုးစီးပွားအတွက် ရည်ရွယ်ခြင်း ဖြစ်ကြောင်းကို နားလည်သဘောပေါက်ကြရန်လည်း လိုအပ်ပါသည်။

ဥပမာအားဖြင့် အသေးအဖွဲဟု ယူဆလျှင်ရနိုင်သည့် လမ်းများပေါ် အမှိုက်မပစ်ရ၊ ကွမ်းတံတွေးမထွေးရ၊ ဆိုင်ကယ်စီးလျှင် ဦးထုပ်ဆောင်း၊ အိမ်ဆောက်လျှင် မိမိပိုင်မြေ အကုန်မဆောက်ရ ရှေ့နောက်ဝဲယာ မြေနေရာချန်ထား၊ အထပ်အရေအတွက်များလာသည်နှင့်အမျှ အရေးပေါ် ထွက်ပေါက်၊ မီးသတ်လှေကား အစရှိသည်တို့ ပါဝင်တည်ဆောက်ရမည်၊ လူအချင်းချင်း နာကျင်ထိခိုက်အောင် မလုပ်ရ အစရှိသည့် အခြေခံများကို စည်းမျဉ်းဥပဒေတို့ဖြင့် ကန့်သတ်ထားခြင်းသည် မိမိတို့၏ဘဝများ ပိုမို ကောင်းမွန်လုံခြုံရန် အတွက်ဆိုသည်ကို သဘောပေါက် နားလည်ကြခြင်းသည်လည်းကောင်း၊ ထိုသို့ သဘောပေါက် နားလည်အောင် စည်းရုံးပညာ ပေးခြင်းတို့သည်လည်းကောင်း ဥပဒေစိုးမိုးရေးအတွက် အခြေခံလိုအပ် ချက်များဖြစ်ပါကြောင်း တင်ပြလိုက်ရပါသည်။

ကြေးမုံ