နေပြည်တော် ၂၂ မေ

ဝသန်ကာလ မိုးကျပြီဆိုလျှင် ပြည်သူများအနေဖြင့် သတိမူမိရန်နှင့် ပြင်ဆင်အပ်သည်တို့ကို ပြင်ဆင်ဆောင်ရွက်ထားကြရမည် ဖြစ်သည်။ ယခုရာ သီကာလအနေဖြင့် စိုက်ရေး၊ ပျိုးရေး၊ ကျန်းမာရေးနှင့် သဘာဝဘေး အန္တရာယ်တို့ကို သတိမူမိကြရန်အလို့ငှာ သက်ဆိုင်ရာတို့က နေ့စဉ်နှင့်အမျှ အသိပေးနေသော နှိုးဆော်ချက်များကို သတိမူလိုက်နာ ဆောင်ရွက်ကြရန် လိုအပ်ပါသည်

အမှန်တကယ်တွင် မုတ်သုံရာ သီဝင်ရောက်ပြီဟု ဆိုသော်လည်း သိသိသာသာ ထဲထဲဝင်ဝင်တော့ မဟုတ်သေးချေ။ ပူပြင်းသောနွေရာ သီကာလနှင့် မိုးကြိုရာသီ စပ်ကူးမပ်ကူး ကာလဖြစ်၍ နေရာတိုင်း၊ ဒေသတိုင်း၊ လူတိုင်း သတိပြုနေထိုင် လုပ်ကိုင်ကြရန် လိုအပ်ပါသည်။ မြန်မာပြည်အောက်ပိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဟု ဆိုသော်လည်း သဘောမျှသာ ရှိသေးသည်။ အထက်အရပ်တွင် အပူရှိန်ပြင်းထန်နေဆဲ၊ လေပြင်းများလည်း တိုက်ခတ်ဆဲမို့ အထူးသတိထားနေကြရမည် ဖြစ်သည်။

မိုးရာသီကာလတွင် ပြည်သူအားလုံး လက်တွဲပါဝင် ဆောင်ရွက်ကြရမည့် အချက်မှာ မြန်မာပြည်တစ်ဝန်း စိမ်းလန်းစေဖို့ သစ်ပင်စတင်စိုက်ပျိုးကြဖို့ ဖြစ်ပါသည်။ မျက်မှောက်ကာလ မြန်မာပြည်သာမက ကမ္ဘာနှင့်တစ်ဝန်း၌ ရင်ဆိုင်ကြုံတွေ့နေရသော သဘာဝဘေးအ္တရာယ်များ ဖြစ်ပွားရခြင်း အကြောင်းရင်းသည် သစ်ပင်သစ်တောများ ပြုန်းတီးမှုကြောင့်ရာ သီဥတုပြောင်းလဲလာကာ လူတို့ဘေးဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့ရခြင်း ဖြစ်သည်။

သစ်ပင်များသည် လူတို့ကိုအန္တရာယ်ပေးနိုင်သော လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကို စုပ်ယူပေးခြင်းသာမက သဘာဝပတ်ဝန်းကျင် မပျက်စီး မယိုယွင်းစေရေးအတွက် ထိန်းသိမ်းကာကွယ် စောင့်ရှောက်ပေးသည်။ သစ်ပင်တစ်ပင်စိုက်ပျိုးခြင်းသည် အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်အတွက် မျိုးစေ့ချပေးခြင်းဖြစ်ပြီး လူအများကို ကယ်တင်စောင့်ရှောက်ပေးသည့် ကောင်းသောအမှုဖြစ်သည်။ ထို့ကြောင့် သစ်ပင်စိုက်ပျိုးခြင်းကို အပေါ်ယံအလုပ်ဟု သဘောမထားဘဲ ယခုနှစ်မိုးရာသီတွင် တက်ညီလက်ညီစိုက်ပျိုးကြရန် ဖြစ်သည်။

အပူချိန်ပြင်းထန်လွန်းသောအချိန်တွင် စိုက်ရေး၊ ပျိုးရေး၊ ပျိုးထောင်ရေး၌ စိုက်ရေ၊ မိုးရေတို့ကို အထူးသတိပြု သုံးစွဲရမည်ဖြစ်သည်။ မြေလွှာအပူလွန်ကဲချိန်တွင် မိုးရေထိ၍ အပင်များညှိုးနွမ်းမှု မဖြစ်စေရေး နည်းမှန်လမ်းမှန် အပင်ရေဖျန်းစနစ်ဖြင့်ဆောင်ရွက်ပြီး ပုံမှန်လုပ်ငန်းများ၌ တောင်သူဦးကြီးများသာမက ပြည်သူများပါ ကျန်းမာရေး ထိခိုက်မှုမရှိအောင် သတိပြု နေထိုင်လုပ်ကိုင်ကြရမည် ဖြစ်သည်။ ရာသီဥတုပြင်းထန်ခြင်းနှင့် ရာသီ အကူးအပြောင်းကာလ၌ တိရစ္ဆာန်များတွင် ကူးစက်ရောဂါများ ကျရောက်နိုင်သဖြင့် ကာကွယ်ရေးအတွက် သက်ဆိုင်ရာတို့နှင့် လက်တွဲပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။

မိုးကြိုကာလ ယခု မေလနှင့် မိုးနှောင်းကာလ အောက်တိုဘာလတို့တွင် အများအားဖြင့် မိုးကြိုးပစ်ခြင်း၊ လေပြင်းတိုက်ခြင်း၊ လျှပ်စီးလက်ခြင်းတို့ ဖြစ်ပေါ်တတ်သဖြင့် လယ်ယာလုပ်ငန်းခွင်မှ တောင်သူဦးကြီးများအဖို့ အထူးသတိထား ရမည်ဖြစ်သလို မြို့ပြကျေးလက် နေအိမ်များမှ ပြည်သူများလည်း သတိပြုနေထိုင်လုပ်ကိုင်ကြရမည် ဖြစ်သည်။ မိမိတို့အနီးတစ်ဝိုက်တွင် မိုးခြိမ်းခြင်း၊ လျှပ်စီးလက်ခြင်းတို့ မကြာခဏဖြစ်ပေါ် နေပါက မိုးကြိုးပစ်နိုင်သော အန္တရာယ်ရှိသည်ကို သိထားရမည် ဖြစ်သည်။

မိုးကြိုးလျှပ်စီးမဖြစ်မီ၊ ဖြစ်ပြီးကာကွယ်မှုများကို ဆောင်ရွက်ထားရမည်ဖြစ်ရာ နေအိမ်၊ အဆောက်အအုံများတွင် မိုးကြိုးလွှဲများ တပ်ဆင်ထားခြင်း၊ အလင်းရောင်ဝင်နိုင်သော ပြတင်းပေါက်များကို အကာအကွယ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီး အလိုအလျောက်ဖြတ်သော မိန်းခလုတ်တပ်ဆင်ခြင်း၊ လျှပ်စီးလက်စဉ်၊ မိုးကြိုးပစ်နေစဉ် မိုဘိုင်းဖုန်းအသုံးပြုခြင်း၊ သံနှင့်ပြုလုပ်ထားသော အရာများနှင့်ဝေးဝေးနေခြင်း၊ လျှပ်စီးလက်မှု ဖြစ်ပွားစဉ်ရေသုံးစွဲခြင်း၊ ရေချိုးခြင်းနှင့် လျှပ်စီးဝင်နိုင်သော သတ္တုနှင့်ဆက်စပ်ပစ္စည်း များကို သတိပြုရန်လိုအပ်ပါသည်။

သို့ဖြစ်ရာ ဝသန်ကာလ ယခုကျရောက်တော့မည့် မိုးကြိုကာလသည် ယခင်ရာသီ အကူးအပြောင်း ကာလများနှင့်မတူဘဲ ပြင်းထန်သော ပူခြင်းမှအေးခြင်းသို့ ကူးပြောင်းခြင်းဖြစ်၍ ဖြစ်ပေါ်လာနိုင်သော သဘာဝဘေးနှင့် လူနှင့်တိရစ္ဆာန်တို့ဆိုင်ရာ ကျန်းမာရေးနှင့် အသက်အ္တရာယ် ကင်းဝေးစေရန် သတိပြုရှောင်ကြဉ်ဖွယ်ရာများကို အလေးထား လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းအပ်ပါသည်။

မြန်မာ့အလင်း